သံဖြူဇရပ်၊ ၂၀၂၄ ဒီဇင်ဘာ (၁၃)
သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအုပ်စု၊ ကုန်းမြင့်သာယာကျေးရွာအနီး ရော်ဘာခြံအတွင်း ဒီဇင်ဘာလ (၁၀) ရက်နေ့က မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ရရျိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးသူမှာ ပငကျေးရွာနေ အသက် (၂၀) နှစ်အရွယ် မောင်သက်အောင် ဆိုသူဖြစ်ကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“မောင်ထက်အောင်က ကုန်းမြင့်သာယာကျေးရွာဘက်မှာ ရော်ဘာစေးလှီးဖို့ဆိုပြီးတော့ ဒီဇင်ဘာလ (၄) ရက်နေ့ကတည်းကနေအိမ်ကနေ ထွက်သွားတာပါ။ ဒီဇင်ဘာလ (၇) ရက်နေ့နောက်ပိုင်း သူနဲ့ အဆက်အသွယ်မရတော့လို့ မိသားစုဝင်တွေက ကုန်းမြင့်သာကျေးရွာဘက်မှာ လိုက်ရှာကြတော့ ဒီဇင်ဘာလ (၇) ရက်နေ့က ရော်ဘာခြံတစ်ခုထဲကနေ ပေါက်ကွဲသံကြားခဲ့ရတယ်ဆိုပြီးတော့ အဲ့ဒီက ဒေသခံတွေကပြောကြတော့ ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်ဆိုတဲ့နေရာအနီးမှာ မောင်ထက်အောင် ရဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြရတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မောင်ထက်အောင်၏ ရုပ်အလောင်းတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး၊ ၎င်းအား အချိန်မီကယ်ဆယ်နိုင်ခဲ့ခြင်းမရှိတည့်အတွက်ကြောင့် သွေးထွက်လွန်ကာသေဆုံးခဲ့ဟန်တူကြောင်း နှင့် ၎င်း၏ရုပ်အလောင်းအား ဒီဇင်ဘာလ (၁၀) ရက်နေ့မှာပင် ပငကျေးရွာရှိ သုဿာန်၌ မီးသင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းကဆိုသည်။
အဆိုပါ သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအုပ်စု ကုန်းမြင့်သာယာကျေးရွာအနီးဝန်းကျင်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးအဖွဲ့များအကြား ပြီးခဲ့သည့် စက်တင်ဘာလ (၁၉) ရက်နေ့နှင့် (၂၀) ရက်နေ့များတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သေးကြောင်း နှင့် ယင်းဒေသအတွင်း စစ်ကောင်စီတပ်အပြင် တော်လှန်ရေးအဖွဲ့များ စစ်ရေးလှုပ်ရှားရာ ဒေသဖြစ်နေကြောင်းလည်း ဒေသခံများက ဆိုကြသည်။
ယခုနှစ် မွန်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုများကြောင့် ဒေသခံ(၈) ဦးထက်မနည်းသေဆုံးခဲ့ကာ (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။