မော်လမြိုင်၊ ၂၀၂၄၊ ဒီဇင်ဘာ(၁၃)
မွန်ပြည်နယ်အတွင်း ကုန်ထုတ်စွမ်းအား GDP တိုးတက်မြင့်မားလာရေး ဆောင်ရွက်သွားရန် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရည်မှန်းပြောဆိုချက်မှာ အခြေအမြစ်မရှိသော စိတ်ကူးယဥ်မှုသာ ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရရုံးဝန်ထမ်းများအကြား တီးတိုးဝေဖန်ပြောဆိုနေကြသည်။
လက်နက်ကိုင်ပဋိပက္ခများ နေရာအနှံ့ဖြစ်ပွားနေခြင်း၊ လုံခြုံရေးမကောင်းခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး သွားလာရေးအဆင်မပြေဖြစ်နေခြင်း၊ စစ်ကောင်စီတပ်ဖွဲ့များနှင့်အပြိုင်အဆိုင် လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံတို့၏ ဝါးတားဂိတ်သည်လည်း များပြားနေခြင်း၊ လတ်တလောဖြစ်ပွားခဲ့သည့် သဘာဝဘေးများ၊ အစိုးရဌာနအသီးသီးတို့၏ စီမံခန့်ခွဲမှုအလွဲများကြောင့် မွန်ဝန်ကြီးချုပ်စိတ်ကူးယဉ်နေသည့် လယ်ယာကဏ္ဍအပါအဝင် အခြားစီးပွားရေးကဏ္ဍများပါ ထုတ်လုပ်မှုတိုးတက်ရန် ဆိုသည်မှာ မည်သို့မျှ ဖြစ်မလာနိုင်ကြောင်း ပြည်နယ်ဦးစီးမှူးတစ်ဦးက ပြောကြားသည်။
”မဆလခေတ်က ပုံစံလိုပါပဲ၊ အဂတိလိုက်စားမှုတွေပေါလာတယ်၊ တိုင်းပြည်မတည်ငြိမ်တာနဲ့အမျှ အချို့လမ််းပန်း ဆက်သွယ်ရေးကခက်လာသလို ကောင်းနေသေးတဲ့လမ်းတွေပေါ်က ဂိတ်တွေကလည်း မတရားပေးနေရတယ်၊ တရားဝင်ကုန်ကြမ်းတွေသွင်းပြန်ရင်လည်း အဆင့်ဆင့် အဂတိတွေနဲ့ ကြန့်ကြာတယ်၊ ဈေးတွေကလည်း ခေါင်ခိုက်နေတာကြောင့် ကုန်ထုတ်စွမ်းအားတိုးတက်ထုတ်လုပ်ဖို့က မဖြစ်နိုင်သေးပါဘူး၊ သူပြောတဲ့ စစ်ကောင်စီပေးတဲ့ ချေးငွေတွေကလည်း နိုင်ငံရေးမတည်ငြိမ်သရွေ့အလုပ်မဖြစ်နိုင်ပါဘူး။ စစ်မှုထမ်းနေရတာကြောင့် အလုပ်လုပ်နိုင်စွမ်းရှိတဲ့ လူငယ်တွေကလည်း အတော်ကိုနည်းသွားပြီ၊ ဒါကို သူလည်းသိမှာပါ ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စစ်မှုထမ်းဝင်ရန် ငွေပေး၍ အစားထိုးဖို့ လူရှာမရသောကြောင့် မွန်ပြည်နယ်က လူငယ်အများစုမှာလည်း ရပ်ရွာများတွင် မနေရဲကြတော့ဘဲ နည်းလမ်းစုံဖြင့် တခြားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားလျက်ရှိသည်။
ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့် လေ့လာမှုအစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ပဋိပက္ခများကြောင့် လာမည့် ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးခန့်မှန်းချက်မှာ အနှုတ် ၁ ရာခိုင်နှုန်း ရှိနေမှာဖြစ်ပြီး အခြေခံကုန်ကြမ်းများ ပြတ်လပ်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ ပြည်တွင်း ဝယ်လို အားနည်းမှု တို့ကြောင့် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများက ဆက်လက် ကျဆင်းနေမည်ဟု ဆိုထားသည်။
သို့ရာတွင် ယခုလဒီဇင်ဘာဆန်းပိုင်းက မွန်ပြည်နယ်၏ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ် GDP ကုန်ထုတ်မြင့်မားရေး ညှိနှိုင်းအစည်းအဝေးတွင် မွန်ဝန်ကြီးချုပ်က “စီးပွားရေးကဏ္ဍကြီး ၃ ခုမှာ အဓိကကျတဲ့ လယ်ယာကဏ္ဍကြီး ထုတ်လုပ်မှုတိုးတက်မှသာ အခြားကဏ္ဍကြီးတွေဖြစ်တဲ့ စက်မှုကဏ္ဍကြီးနဲ့ဝန်ဆောင်မှုကဏ္ဍကြီးတွေပါ ဆက်စပ်တိုးတက်လာမှာဖြစ်သလို နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်မှသာ စိုက်ပျိုးရေးထွက်ကုန်တွေ တိုးတက်လာပြီး ဂျီဒီပီ တိုးတက်လာမှာဖြစ်တယ်” ဟု စိတ်ကူယဥ်ပြောဆိုခဲ့သည်။
ဒေသနယ်မြေတစ်ခု၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု သို့မဟုတ် Gross Domestic Product-GDP ဆိုသည်မှာ ယင်း၏ စီးပွားရေး အဆောက်အအုံကြီး၏ ပမာဏကို တိုင်းတာသည့် စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။
Photo- မွန်ပြည်နယ်၏ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ် GDP ကုန်ထုတ်မြင့်မားရေး ညှိနှိုင်းအစည်းအဝေး (Aung Kyi Thein)
All reactions:
2020