ပြီးခဲ့သည့် နိုဝင်ဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းအချိန်က ရေးဘီလူးအဖွဲ့မှ အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူးအား သွားရောက်ပစ်ခတ်စဉ်က အသုံးပြုခဲ့သည့် ကန်တာအမျိုးအစား အဖြူရောင် (၆) ဘီးမြေသယ်ယာဉ်ပိုင်ရှင်အား စစ်ကောင်စီမှ ဖမ်းဆီးထားကြောင်း ယာဉ်ပိုင်ရှင်မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
အာယုတောင်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလင်းဦးအား သွားရောက်ပစ်ခတ်မှု မလုပ်ဆောင်ခင် ဒေသခံတစ်ဦး၏ ကန်တာအမျိုးအစား အဖြူရောင် (၆) ဘီးမြေသယ်ယာဉ်အား ယူဆောင်သွားသည့်အပြင် လက်ကိုင်ဖုန်းကိုလည်း ယူဆောင်သွားပြီးနောက် အာယုတောင်အုပ်ချုပ်ရေးမှူးရုံးတွင် ရေးဘီလူးအဖွဲ့မှ ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည်ကို သိရကြောင်း ယာဉ်ပိုင်ရှင်မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ကန်တာကားပိုင်ရှင်က သူကားလည်း ပြန်မရတော့တဲ့အပြင် စစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုလည်း ခံထားရတယ်။ လောလောဆယ် ကန်တာကားပိုင်ရှင်ကို စကခ – ၁၉ မှာ ဖမ်းဆီးထားတာလို့ သိရပါတယ်” ဟု ပြောကြားသည်။
ကန်တာအမျိုးအစား အဖြူရောင် (၆) ဘီးမြေသယ်ယာဉ်ပိုင်ရှင်မှာ မည်သည့်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်သူမဟုတ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် နီးရာဓါးကို ကြောက်လန့်နေကြရကြောင်း ၎င်းကဆိုသည်။
ကန်တာယာဉ်ပိုင်ရှင် ပြန်လည်လွတ်မြောက်ရန်အတွက် အာယုတောင်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်မှုအတွင်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းဦး ၏ ထွက်ဆိုချက်အား စောင့်ဆိုင်းနေကြောင်းလည်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၂၃) ရက်နေ့ နံနက် (၉) နာရီ (၄၅) မိနစ်အချိန်ခန့်က ရေးမြို့နယ် အာယုတောင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးသို့ ရေးဘီလူးအဖွဲ့မှ ကန်တာအမျိုးအစား အဖြူရောင် (၆) ဘီးမြေသယ်ယာဉ်ဖြင့် ရောက်ရှိလာပြီးနောက် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အာယုတောင်ကျေးရွာ တောင်ဘက်ရှိ ဆက်သွယ်ရေးကျေးရွာဘက်သို့ ကျေးရွာချင်းဆက်လမ်းအတိုင်းမောင်းနှင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထိုပစ်ခတ်မှုအတွင်း အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းဦး မှာ ဒဏ်ရာများပြင်းထန်စွာရရှိခဲ့သည့်အပြင် ဒေသခံအရပ်သားများဖြစ်ကြသည့် ဦးအောင်ဝင်း နှင့် ဒေါ်မြင့်စန်း တို့ နှစ်ဦးမှာလည်း ကျည်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။