အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအား မှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် အချက်အလက်များ မှန်ကုန်မှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ လုပ်ငန်းမှတ်ပုံတင်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်၍ e-Commerce Registration စနစ်မှတစ်ဆင့် ယခင်ကဲ့သို့ပင် လျှောက်ထားနိုင်မည်ဖြစ်ပြီး အသေးစိတ်သိလိုပါက www.ecomreg.gov.mm တွင် ကြည့်ရှုနိုင်ကြောင်း သိရသည်။
“မှတ်ပုံတင်လက်မှတ်ရရှိသူက သူရောင်းလိုက်တဲ့ ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို တာဝန်ယူဖြေရှင်းပေးရပါမယ်။ နောက်ပြီးတော့ အရောင်းပြေစာပေးရမယ်။ အများသိနိုင်တဲ့ နားလည်နိုင်တဲ့ သတင်းအချက်အလက်နဲ့ အာမခံချက်ပေးရမယ်။ ကျသင့်တန်ဖိုးနဲ့ ညီမျှတဲ့ အရည်အသွေးရှိရမှာဖြစ်ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုလည်းရှိရမယ်၊ စာရင်းတွင် ပါဝင်ခြင်း မရှိတဲ့ ပစ္စည်းတွေ မရောင်းချရဘူး၊ ဒါ့အပြင် အစားအစာနဲ့ ဆေးဝါးတွေအတွက် သက်ဆိုင်ရာတွေရဲ့ ထောက်ခံချက်၊ စည်းကမ်းချက်တွေကို တိကျစွာ လိုက်နာရပါမယ်၊ အဓိကကတော့ စားသုံးသူ မနစ်နစေဖို့ ဆောင်ရွက်တာပါပဲ” ဟု စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်းတစ်ဦးက ပြောကြားသည်။
အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း တွင်ကျယ်လာသည့်နှင့်အမျှ မျက်မြင်ကိုယ်တွေ့ ရောင်းချခြင်းမဟုတ်သည့်အတွက် စားသုံးသူနှင့် ရောင်းဝယ်သူများအကြား ထိခိုက်နစ်နာမှုများ ကြုံတွေ့လာရသဖြင့် တာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ အွန်လိုင်းဖြင့် ရောင်းချခြင်းလုပ်ငန်းကို ဝန်ကြီးဌာနက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပြီး မှတ်ပုံတင်လက်မှတ်များ လျှောက်ထားရန်နှင့် လိုက်နာမှုမရှိက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။