သထုံမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တစ်ဖွဲ့မှ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များထံ ငွေကြေးတောင်းခံစာပေးပို့ထားကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၁) ရက်နေ့က သထုံမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များထံသို့ အဆိုပါ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) မှ ငွေကြေးတောင်းခံစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လုပ်ငန်းအမျိုးအစားနှင့် လုပ်ငန်းအကြီးအသေးအပေါ်မူတည်ပြီး တစ်နှစ်စာအခွန်ငွေအဖြစ် တောင်းခံလာခြင်းဖြစ်ကြောင်း နှင့် စာရရှိသည့်နေ့မှစ၍ (၃) ရက်အတွင်း အကြောင်းမပြန်ပါက နောက်ဆက်တွဲပြဿနာများအား တာဝန်ယူမည်မဟုတ်ကြောင်းကို ငွေကြေးတောင်းခံစာတွင် ဖေါ်ပြထားသည်။
လုပ်ငန်းရှင်များအနေဖြင့် စစ်ကောင်စီထံ တစ်နှစ်စာအခွန်ငွေများအား ပုံမှန်ပေးဆောင်နေသလို၊ မိမိတို့ တော်လှန်ရေးဘက်ကိုလည်း စစ်ကောင်စီအားပေးဆောင်နေရသည့် အခွန်ငွေထက် လျော့နည်းသည့်ပမာဏကို ပေးဆောင်စေလိုကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“သူတို့ (PDF) တောင်းတဲ့ငွေက အနည်းဆုံးကျပ် (၅) သိန်းကနေ စတယ်လို့ ကြားသိရတယ်။ လုပ်ငန်းအကြီးအသေးအပေါ်မူတည်ပြီးတော့ အခွန်ငွေအနေနဲ့ တောင်းခံထားတာပါ” ဟု ၎င်းလုပ်ငန်းရှင်က ဆက်လက်ပြောကြားသည်။
လုပ်ငန်းရှင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ငွေကြေးပေးဆောင်သည်ကို စစ်ကောင်စီဘက်မှ သိရှိသွားပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရနိုင်သည့်အပြင်၊ ငွေကြေးမပေးပါကလည်း အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေများကြောင့် လုပ်ငန်းများရပ်ဆိုင်းရမည့် အခြေအနေမျိုးဖြစ်နေကြောင်း ၎င်းလုပ်ငန်းရှင်က ဆိုသည်။
“တချို့လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အနီးအနားမှာရှိနေကြတဲ့လုပ်ငန်းရှင်တွေကတော့ ငွေကြေးပေးကမ်းရတာမျိုးတွေရှိတယ်လို့ကြားသိရတယ်။ မြို့ပေါ်ကလုပ်ငန်းရှင်တွေအနေနဲ့ကတော့ အခြေအနေတွေစောင့်ကြည့်နေကြတုန်းပါဘဲ” ဟု ၎င်းလုပ်ငန်းရှင်က ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၈) ရက်နေ့ မွန်းလွဲပိုင်းအချိန်က အဆိုပါ မွန်ပြည်နယ် သထုံမြို့နယ် မြေနီကုန်းကျေးရွာ ရန်ကုန် – မော်လမြိုင်ကားလမ်းမဘေးရှိ Puma Power စက်သုံးဆီအရောင်းဆိုင် မန်နေဂျာဖြစ်သူ အသက် (၃၈) နှစ်အရွယ် ဒေါ်သိမ့်သူဇာ အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။
အလားတူ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အဖွဲ့၏ လှုပ်ရှားရဦနယ်မြေဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအားလုံး မိမိတို့နှင့် အဆက်အသွယ်လုပ်ကြရမည်ဖြစ်ကြောင်း နှင့် ပျက်ကွက်ပါက အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း ယင်းအဖွဲ့မှ ကြေညာထားသည်။