ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ခံ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး အသတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အသတ်ခံခဲ့ရသူမှာ သိမ်ဇရပ်မြို့၊ အမှတ် (၁) ရပ်ကွက်နေ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ အသက် (၄၀) နှစ်အရွယ် ဦးဇေယျာအောင် ဖြစ်ကြောင်း ၎င်းမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ (၃) ရက်နေ့ နံနက် (၈) နာရီအချိန်ခန့်က အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ဦးဇေယျာအောင်က အထက်အလူးလေးကျေးရွာဘက်ကို အလုပ်ကိစ္စတစ်ခုနဲ့ သွားတဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တိုးလို့ အဖမ်းခံခဲ့ရပြီးတော့ အသတ်ခံခဲ့ရတာလို့ ကြားသိရပါတယ်” ဟု ၎င်းဒေသခံ ဆက်လက်ပြောကြားသည်။
ဦးဇေယျာအောင် ၏ ရုပ်အလောင်းအား အထက်အလူးလေးကျေးရွာ သင်္ချိုင်းအနီးတွင် တွေ့ရှိခဲ့ရကြောင်း နှင့် ၎င်းမှာ ရင်ဘတ်တွင် ဖေါက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းဒေသခံကဆိုသည်။
သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဇေယျာအောင် ၏ အစ်ကိုဖြစ်သူမှာလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် စခန်းမှူးတစ်ဦးဖြစ်ကြောင်းလည်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၁၉) ရက်နေ့ ညပိုင်းအချိန်ကလည်း ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာနေ ဦးချစ်ကို ဆိုသူအား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဦးချစ်ကို ၏ ရုပ်အလောင်းအား ဝါးဒက်ကွင်းကျေးရွာထပ်ရှိ ရော်ဘာခြံအတွင်း တွေ့ရှိခဲ့ရကြောင်း သိရသည်။