ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများထံမှ ကျည်ဆံများ ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၏ ဖေါ်ပြချက်အရ သိရသည်။
ဒီဇင်ဘာလ (၃) ရက်နေ့ ညပိုင်းအချိန်က ကန်ချနာဘူရီခရိုင်၊ မွေမြို့နယ်အတွင်း ထိုင်းရဲတပ်ဖွဲ့က လုံခြုံရေး ကင်းလှည့်နေစဉ် မသင်္ကာဖွယ်လူတစ်စုအား တွေ့ရရှိရ၍ စစ်ဆေးစဉ် အထောက်အထားတစ်စုံတစ်ရာမရှိဘဲ ထိုင်းနိုင်ငံဘက်တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား (၉) ဦးအား စစ်ဆေးတွေ့ရှိခဲ့သည်။
၎င်းတို့အား သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့ပြီးနောက်၊ ၎င်းတို့ နေထိုင်ရာ နေအိမ်များအား ထိုင်းအာဏာပိုင်များမှ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ကတ်ထူစက္ကူပုံး (၄) ပုံးအတွင်းမှ ကျည်ဆံ (၂၇၅၀) တောင့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိခဲ့သူ မြန်မာနိုင်ငံသား (၉) ဦးအနက်မှ (၁) ဦးအား တရားမဝင်ရွေ့ပြောင်းနေထိုင်သူများအား ထိုင်းနိုင်ငံအတွင်း ဝင်ရောင်နိုင်ရန် ကူညီပေးမှု၊ လက်နက်ခဲယမ်းမှုများဖြင့် အမှုဖွင့်ထားပြီး၊ ကျန် (၈) ဦးအား ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၏ ဖေါ်ပြချက်များအရ သိရသည်။