ယခုရက်ပိုင်းအတွင်း ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသစစ်ရေးတင်းမာနေမှုကို မွန်ပြည်သစ်ပါတီ NMSP နှင့် ဒီမိုကရက်တစ် ကရင့်အကျိုးပြုတပ်မတော် DKBA နှစ်ဖက်ခေါင်းဆောင်တို့ ယနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် နှစ်ဖက်တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း စုံစမ်းသိရသည်။
ဘုရားသုံးဆူစစ်ရေး စောင့်ကြည့်လေ့လာသူတစ်ဦးက “သူတို့ဘာတွေသဘောတူကြသလဲတော့ မသိဘူး၊ အဆင်ပြေသွားပြီလို့ နှစ်ဖက်စလုံးက ပြောကြတယ်၊ ဒီနေ့ညနေပိုင်းမှာ DKBA ကား ၂ စီးနဲ့ နယ်ခြားပတ်လမ်းကနေ ကြံတောဘက်သွားတဲ့လမ်း ရာဘာခြံထဲက DKBA တပ်ဖွဲ့တွေ ပြန်ဆုတ်သွားပါပြီ” ဟု ၄င်းကဆိုသည်။
ဘုရားသုံးဆူမြို့ ရပ်ကွက် (၁) သီရိရတနာလမ်းရှိ DKBA အမှတ် (၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းနေအိမ်၌ ယနေ့ မွန်းလွဲ (၂) နာရီအချိန်ခန့်တွင် မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်အောင်မငေးနှင့်အဖွဲ့ လာရောက်တွေ့ဆုံ၍ တစ်နာရီအကြာခန့် ဆွေးနွေးပြီး သဘောတူညီမှုရရှိကြသည်ဟု စောင့်ကြည့်နေသူများက ဆိုသည်။ သို့သော် ၄င်းအချက်အလက်များအပေါ် သက်ဆိုင်ရာအဖွဲ့အစည်းထံမှ အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။
ဘုရားသုံးဆူဒေသ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းရွာသွားသည့် လမ်းကြောင်းပေါ်တွင် စစ်ဆေးရေးဂိတ်တစ်ခုဖွင့်လှစ်သွားရန် DKBA ကြိုးပမ်းလာခြင်းကြောင့် လွန်ခဲ့သည့် ၃ ရက်ခန့်က မွန်ပြည်သစ်ပါတီလာရောက်တားဆီးရာမှ နှစ်ဖက်တပ်ဖွဲ့များအကြား စစ်ရေးအခြေအနေ တင်းမာလာခဲ့ခြင်း ဖြစ်သည်။
Photo-ဘုရားသုံးဆူမြို့ တောင်ဘက်အခြမ်းရှိ မွန်ပြည်သစ်ပါတီ တပ်တည်ခွင့်ရနယ်မြေအစိတ်အပိုင်း။