ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း အကြီးမားဆုံး ကျားဖြန့်ဂိုဏ်တစ်ခုအား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံသားများအပါအဝင် သံသယတရားခံ (၁၅) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ဖေါ်ပြထားချက်အရ သိရဿည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းရှိ ဆိုင်ဆိုင်း၊ ဆန်ကမ်းဖန်း အစရှိသည့် မြို့များရှိ နေရာ (၁၁) နေရာအား ထိုင်းရဲတပ်ဖွဲ့ နှင့် ထိုင်းထောက်လှမ်းရေးအဖွဲ့များမှ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆) ရက်နေ့က ဝင်ရောက်စီးနင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ စီးနင်းရှာဖွေမှုများအတွင်း ဖုန်းဆင်းမ်ကတ် (၅၉၀၀၀၀) ပါ ဆင်းမ်ကတ်ဗူး (၆၄၂) ဗူး၊ ကွန်ပြူတာ (၇၂) လုံး၊ မိုဘိုင်းဖုန်း (၁၄၅၅) လုံး၊ ဆင်းမ်ကတ် Reader (၄၇) ခု သိမ်းဆည်းရမိခဲ့ကြောင်း နှင့် ထိုဖမ်းဆီးရမိခဲ့မှုသည် ထိုင်းနိုင်ငံအတွင်း ကျားဖြန့်ဒုစရိုက်လောကအတွင်း ဖမ်းဆီးရမိမှုများထဲတွင် အကြီးမားဆုံးနှင့် အသုံးဆောင်ပစ္စည်းကိရိယာ အများဆုံး ဖမ်းဆီးရမိမှုဖြစ်ကြောင်း ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗဟို ကော်မရှင်နာက နိုဝင်ဘာလ (၂၇) ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားများအား ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းစာတွင် ဖေါ်ပြထားသည်။
ဖမ်းဆီးရမိခဲ့သူများတွင် ထိုင်းနိုင်ငံသား (၂) ဦး၊ တရုတ်နိုင်ငံသား (၅) ဦး နှင့် မြန်မာနိုင်ငံသား (၈) ဦး စုစုပေါင်း (၁၅) ဦးအား သံသယတရားခံအဖြစ် ဖမ်းဆီးရမိခဲ့သည့်အပြင်၊ ဖမ်းဆီးရမိခဲ့သူများအနက် အသက် (၃၀) နှစ်အရွယ် ထိုင်းအမျိုးသမီး ဂီရပန်ပရာကော့ကစ်၏ ခင်ပွန်းဖြစ်သူ တရုတ်လူမျိုးမှာ လွတ်မြောက်နေသည့်အပြင် ထိုကျားဖြန့်ဂိုဏ်းခေါင်းဆောင်ဖြစ်မည်ဟု ယူဆထားကြောင်းလည်း ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗဟို ကော်မရှင်နာက ဆိုထားသည်။
ဂီရပန်ပရာကော့ကစ်မှာ ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် နေအိမ်များ ငှားရမ်းထားသည့်အပြင်၊ ဝန်ထမ်းများလည်း ခန့်အပ်ထားကြောင်း နှင့် ဆင်းမ်ကတ်များမှာ လူမှုကွန်ရက်တွင် အကောင့်အတုများ ပြုလုပ်ရန်အတွက် ရည်ရွယ်ထားကြောင်း ၎င်းက ထွက်ဆိုချက်ပေးထားကြောင်း ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗဟို ကော်မရှင်နာ၏ ပြောကြားချက်ကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းစာက ဖေါ်ပြချက်အရ သိရသည်။
Photo-ထိုင်းလုံခြုံရေးများ ဝင်ရောက်ဖမ်းဆီးစဥ်