ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ ဧရိယာအစပ်သို့ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့အနေဖြင့် ဂိတ်နေရာဖွင့်လှစ်ရန် ကျူးကျော်ဝင်ရောက်လာခြင်းမဟုတ်ဘဲ မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA ဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ရန်အတွက် လုံခြုံရေးပေးထားခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဘုရားသုံးဆူမြို့အထွက် ဂျပန်ရေတွင်းသွားသည့်ကားလမ်းအနီးရှိ ဓမ္မဝိဟာရကျောင်းတိုက်အနီးတွင် MLA ဆက်ဆံရေးရုံးဆောက်လုပ်နေကြောင်း သိရသည်။
“MLA က နေရာအတည်တကျမရှိသေးဘူး၊ ကရင်တော်လှန်ရေးနယ်မြေဘက်မှာလည်း သူတို့လှုပ်ရှားလို့ သိပ်အဆင်မပြေလှဘူး၊ ဒါကြောင့် ဒီဘုရားသုံးဆူမြို့အစပ်လေး မွန်တွေနဲ့နီးတဲ့နေရာမှာ ဆက်ဆံရေးဖွင့်နိုင်ဖို့ DKBA က လုံခြုံရေးအကူအညီပေးတာပါ”ဟု MLA နှင့်နီးစပ်သူတစ်ဦးက ကောင်းဝါသတင်းသို့ ပြောကြားသည်။
ရှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၌ စစ်ပညာသင်ကြားခဲ့ပြီး ယခုနှစ်ဦးပိုင်းတွင် မွန်ဒေသသို့ပြန်ရောက်လာသည့် MLA တပ်ဖွဲ့မှာ ရုံးနေရာအတည်တကျဖွင့်လှစ်နိုင်ခြင်း မရှိသဖြင့် KNU တပ်မဟာ ၆ က သင့်တော်သည့်နေရာ၌ တပ်နေရာချပေးခြင်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
“ကျနော် MLA တပ်ဖွဲ့ဝင်တွေနဲ့ အဲဒီ DKBA ဂိတ်ဖွင့်တဲ့နေရာမှာ စကားပြောခဲ့တယ်၊ MLA တပ်ဖွဲ့ဝင်အချို့က ပန်းရံသမားလုပ်ပြီး ဆောက်လုပ်နေတာလည်း တွေ့ရတယ်” ဟု ဂျပန်ရေတွင်းမှ ကားသမားတစ်ဦးက ပြောသည်။
လက်ရှိတွင် DKBA နှင့် MLA တပ်ဖွဲ့တို့က ယနေ့ညပိုင်းအချိန်၌ အင်အားတိုးမြှင့်ချထားကြောင်း ၄င်းက ဆက်ပြောသည်။
အဆိုပါ DKBA ဂိတ်နေရာဖွင့်လှစ်သည့်ကိစ္စနှင့်ပတ်သက်၍ မနက်ဖန် နိုဝင်ဘာ (၂၉) ရက် နေ့လယ်ပိုင်းအချိန်တွင် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်မှကိုယ်စားလှယ်များနှင့် DKBA အရာရှိတို့ ဘုရားသုံးဆူမြို့ပေါ်တွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း ခိုင်လုံသောသတင်းရင်းမြစ်မှ သိရသည်။
Photos- MLA တပ်ဖွဲ့