သံဖြူဇရပ်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် အဝေးပြေးကားများဖြင့် ခရီးတစ်ထောက်အနားယူသည့် ခရီးသည်များအား ညအိပ်ရပ်နားခွင့် မပေးသဖြင့် ခရီးသွားပြည်သူများ အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အထူးသဖြင့် ရန်ုကုန်မှ ရေးနှင့် တနင်္သာရီတိုင်းသို့ ခရီးဆက်မည့် အဝေးပြေးကားများအနေဖြင့် မာရှယ်လောထုတ်ထားသည့် ရေးမြို့နယ်သို့ ညနေ ၆ နာရီအတွင်းရောက်ရှိအောင် မောင်းနှင်ရန် အချိန်မရှိပါက သံဖြူဇရပ်မြို့တွင် ညအိပ် ရပ်နားရပြီး အဝေးပြေးကားဝင်းနှင့် စားသောက်ဆိုင်များက ညအိပ်ရပ်နားခွင့် မပေးကြသောကြောင့် မြို့ပြင်ရှိ သင့်တော်သည့်နေရာတွင်သာ လုံခြုံမှုကင်းမဲ့စွာဖြင့် ညအိပ်ရပ်နားနေရသည်ဟု ယာဉ်မောင်းများနှင့် ခရီးသည်များက ပြောကြားသည်။
”အရင်ကရတယ်၊ ခုက လုံခြုံရေးမကောင်းတဲ့အခါကျမှ မပေးအိပ်တော့ဘူးဆိုတော့ ခက်တယ်၊ မြို့ပေါ်မှာလည်း ကားရပ်လို့ မရ၊ ရပ်လို့ရတဲ့ စားသောက်ဆိုင်တွေကလည်း ညအိပ်လက်မခံတော့ အဝေးပြေးကားဂိတ်မှ ာပေးနားသင့်တယ်၊ ခုက မြို့ပြင်က အဆင်ပြေတဲ့ ဆိုင်တွေမှာ ရပ်ရတော့ လုံခြုံရေးအရ စိတ်မချရဘူး၊ အဝေးပြေးက တာဝန်ခံကို မေးတော့လည်း အထက်က ခွင့်မပြုလို့ပဲ ဖြေတယ်၊ ခရီးသည်တွေအတွက် အခက်အခဲရှိတယ်” ဟု မှန်လုံခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
ယာဉ်မောင်းရပ်ပေးသည့်ဆိုင်တွင်သာ အနားယူရသဖြင့် အချို့ဆိုင်များတွင် ညအိပ်ခငွေကျပ်သောင်းချီတောင်းခံကြကြောင်း၊ လုံခြုံရေးအရ စိတ်မချရသည့်နေရာဖြစ်သည့်အပြင် အချို့နေရာများတွင် ပြည်သူ့စစ်ဟု ယူဆရသည့် အရပ်ဝတ်လက်နက်ကိုင်များ၏ ငွေကြေးတောင်းခံမှုများကိုလည်း ဆိုင်ရှင်မှတဆင့် ပေးဆောင်နေရကြောင်း ခရီးသည်များက ပြောကြားသည်။
”ကားတွေကတော့ ညနေ ရေးကို ၆ နာရီအမှီ မောင်းကြတာပဲ၊ သံဖြူဇရပ်ကစလို့ ဂိတ်တွေက ငွေတောင်းလိုက်၊ ရစ်လိုက်နဲ့မို့ သူတို့အနေနဲ့ အချိန်ကိုကြည့်ပြီး ညနေ ၄ ခွဲကျော်လောက်ဆိုဆက်မမာင်းကြတော့ဘူး၊ သံဖြူဇရပ်နဲ့ရေးကြားကလည်း လုံခြုံရေးအရ စိတ်မချရတဲ့ အနေအထားလေ၊ မြို့ထဲ မပေးအိပ်တော့ အဝေးပြေးမှာတော့ စီစဉ်ပေးစေချင်တယ်၊ ယာဉ်လိုင်းတွေအနေနဲ့လည်း စုပြီးတင်ပြကြစေချင်တယ်၊ ဒါက နှစ်ဖက်လုံးမှာ ခရီးသည်တွေအတွက် လုပ်ပေးရမယ် ” ဟု ရေးမြို့နေ အငြိမ်းစားကျောင်းဆရာတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာအနီး သံဖြူဇရပ်-ရေး ကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ခရီးသည်အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။
Photo-သံဖြူဇရပ်အဝေးပြေးဝင်း