ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအနီး ထားဝယ် – ရေး ကားလမ်းမပေါ်ရှိ ချဉ်းကပ်လမ်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကိုးမိုင်တံတားပေါ်မှ ယနေ့ နံနက်ပိုင်းအချိန်ခန့်မှ စတင်ကာ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်မှန်လုံယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၂၂) ရက် နံနက်အစောပိုင်းအချိန်က အဆိုပါ ကိုးမိုင်တံတား ရေးမြို့ဘက် ချဉ်းကပ်လမ်းမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီးနောက် တံတားကြံ့ခိုင်မှုအခြေအနေအရ ကုန်တင်ယာဉ်ကြီးများ နှင့် ခရီးသည်တင်မှန်လုံယာည်များအား ဖြတ်သန်းသွားလာခွင့်အား ယာယီပိတ်ထားခဲ့ပြီး၊ အိမ်စီးယာဉ်ငယ်များနှင့် ဆိုင်ကယ်များကိုသာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မိုင်းခွဲခံရတဲ့ ဖြစ်စဉ်မှာ ပင်မတံတားကြီးကို ထိခိုက်မှုမရှိပေမယ့် တံတားယက်မတွေ နဲ့ တံတားယက်မကို ပြန်ချုပ်တဲ့ တန်းတွေ အက်ကွဲမှုတွေ ဖြစ်ကုန်တာလို့ ဆောက်လုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထိုအခြေအနေကြောင့် တန် (၆၀) ပါကုန်တင်ယာဉ်ကြီးများ သွားလာနိုင်ရန်အတွက် ချဉ်းကပ်လမ်းနှင့် တံတားအလယ်လောက်အထိအား ယာယီဘေလီတံတား ထိုးလိုက်ရခြင်းဖြစ်သည်ဟု သိရကြောင်း နှင့် ယမန်နေ့ ညနေပိုင်းအချိန်တွင် ခရီးသည်တင်မှန်လုံယာဉ်များအား စတင်ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီးနောက်၊ ယနေ့ နံနက်ပိုင်းအချိန်တွင် ကုန်တင်ယာဉ်ကြီးများအား ပြန်လည်ဖြတ်သန်း သွားလာခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းဒေသခံက ဆိုသည်။
အဆိုပါက မိုးမိုင်တံတား ချဉ်းကပ်လမ်းအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မိုင်းခွဲဖျက်ဆီးခဲ့သည့်ကို သက်ဆိုင်ရာ အာဏာပိုင်းများက တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်း မရှိပေ။
ရေးမြို့နယ် ကိုးမိုင်ကျေးရွာအနီးရှိ ကိုးမိုင်တံတားမှာ ထားဝယ် – ရေး ကားလမ် မိုင်တိုင်အမှတ် (၁၀၇/၁) နှင့် (၁၀၇/၂) ကြားတွင် တည်ရှိသော တံတားအမှတ် (၁/၁၀၈) ဖြစ်ကြေင်း၊ အလျား (၁၈၀) ပေ၊ အကျယ် (၃၄) ပေရှိ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကြောင်း နှင့် ယင်းတံတားအား (၂၀၀၂) ခုနှစ် ဇွန်လ (၁) ရက်နေ့က စတင်တည်ဆောက်ခဲ့ပြီး၊ (၂၀၀၃) ခုနှစ် မေလ (၃၁) ရက်နေ့တွင့် တံတားအားတည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။
Photo Credit – CJ