စစ်ဘေးဒဏ်အလူးအလဲခံစားနေရသော ပြည်သူလူထုကို ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အသင့်ရှိကြောင်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ယနေ့ (နိုဝင်ဘာ ၂၅ ရက်)မှာ ထုတ်ပြန်ခဲ့သည်။
နေ့စဉ်ရက်စက်ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ကောင်စီ၏ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်သော တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှာ စစ်ဘေးဒဏ်ကို ဆိုးရွားစွာ ခံစားနေရကြောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍သော်လည်းကောင်း၊ နှစ်ဖက်ပဋိပက္ခတွေ အဆုံးသပ်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA ၏ သဘောထားကို ထုတ်ပြန်ခြင်းဟု ပြောသည်။
မြန်မာပြည်တွင်ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများ အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေ တည်ဆောက်နိုင်ရန်အတွက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်မှုကို မိမိတို့ TNLA မှ အပြုသဘောဆောင် ကောင်းကျိုးရှိသည့်အမြင်ဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် ကြိုပမ်းလျက်ရှိကြောင်း ကောင်းမွန်သော ရလဒ်များရရှိရန် ဆက်လက်ပူးပေါင်းမည်ဖြစ်ကြောင်း ဆိုသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့သည်မှာ နှစ်ပတ်လည်ခဲ့ပြီဖြစ်ကြောင်း စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ၊ တပ်စခန်းများ၊ စစ်ကြောင်းများကို မိမိတို့ မြို့ရွာဒေသများမှ ကင်းစင်အောင် ဖယ်ရှားတိုက်ထုတ်ခဲ့ကြောင်း ပြောသည်။
စစ်ကောင်စီကလည်း ပြည်သူလူထုများကို ဦးတည်ပစ်မှတ်ထားပြီး လေကြောင်းဖြင့် ချေမှုန်းတိုက်ခိုက်နေခြင်းကြောင့် အပြစ်မဲ့ ပြည်သူလူထုများ စစ်ဘေးဒဏ်ပေါင်းစုံကို ခံစားနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာစစ်တပ် နဲ့ TNLA တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိ ရှမ်းမြောက်တွင် TNLA က မြို့အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားသည်။
Photo-TNLA ထုတ်ပြန်ချက်