ကောင်းဝါ- ၄ ဇူလိုင် ၂၀၂၃။
ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာနယ်မြေဒေသအတွင်း တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားလာနိုင်သောကြောင့် ဗန်းမော်-မြစ်ကြီးနား ကားလမ်းတစ်လျှောက် ပြည်သူများသွားလာခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားကြရန် ယနေ့ (ဇူလိုင်လ ၄ ရက်) တွင် KIO လိုင်ဇာခရိုင်အုပ်ချုပ်ရေးရုံးက အသိပေးချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
ဗန်းမော်-မြစ်ကြီးနား ကားလမ်းတစ်လျှောက် သွားလာခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားကြရန်နှင့် မလွှဲမရှောင်သာ သွားလာရမည်ဆိုပါက စစ်ရေးသတင်းများကို နားစွင့်ပြီးမှ သွားလာကြရန် ဖော်ပြထားသည်။
KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ၆ မိုင်ခန့်သာ ကွာဝေးသည့် ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ရွာတွင် စစ်ကောင်စီတပ်နှင့် KIA အကြား ယနေ့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် အရပ်သား တစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။
အကယ်၍ စစ်ကောင်စီတပ်က နမ်ဆန်ယန်ကျေးရွာကို ထိန်းချုပ်ဖို့ဆက်ပြီးကြိုးစားလာပါက တိုက်ပွဲများ ပိုမိုပြင်းထန်လာလိမ့်မည်ဖြစ်ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သတင်းဌာနများသို့ ပြောကြားခဲ့သည်။
ဆဒုံး- ကန်ပိုက်တီလမ်းရှိ KIA စခန်းကုန်းတစ်ခုကို စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ပေါ်ရေးသားနေကြသော်လည်း သီးခြားအတည်မပြုနိုင်ခဲ့ပေ။
KIA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းမှ ဖိတိုက်နေကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ် လဂတ်ကောင်နှင့် အင်ဝမ်ကောင် ကျေးရွာတွေအနီးသို့ ဇွန်လ ၂၅ ရက်မှစ၍ စစ်ကောင်စီတပ် စစ်ကြောင်းထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲများ ဖြစ်နေခဲ့သည်မှာ ၁၀ ရက်ရှိပြီရှိကြောင်း ဒေသခံများက ပြောသည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်သည် ရွှေထွက်ဒေသဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ရွှေလာတူးသူ၊ စျေးလာရောင်းသူများဖြင့် စည်ကားနေသည့်နယ်မြေဒေသတစ်ခု ဖြစ်သည်။