ရေးမြို့နယ် အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ယနေ့နံနက်ပိုင်းတွင် ရေးဘီးလူးအဖွဲ့ ဝင်ရောက်ပစ်ခတ်ရာ ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ် ကျေးရွာဥက္ကဌလည်းဖြစ်သည့် ပျူစောထီးခေါင်းဆောင် ဗိုလ်ကြီးဟောင်း လင်းဦးမှာ သေနတ် ၄ ချက်ထိမှန်ခဲ့ပြီး ဒဏ်ရာစိုးရိမ်ရကြောင်း နီးစပ်သူများထံမှ သိရသည်။
ယနေ့နံနက် ၉ နာရီကျော်အချိန်တွင် အာယုတောင်ကျေးရွာ ရွာလယ်လမ်းအတိုင်း အဖြူရောင် ကန်တာ မြေသယ်ယာဉ်တစ်စီးဖြင့် လိုက်ပါလာသည့်အင်အား ၁၀ ဦးခန့်ပါ ရေးဘီလူးအဖွဲ့က အုပ်ချုပ်ရေးမှူးရုံးသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာတွင် အုပ်ချုပ်ရေးမှူအပါအဝင် ၄ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် ဦးလင်းဦးသည် လည်ပင်းယာဘက် ကျည်ရှပ်ထိဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ယာဘက်ခြမ်း ကျည်ရှပ်ထိဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ဖျံ ကျည်ဖေါက်ဝင် အရိုးကျိုးဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်မောင်း ကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်ဟု နီးစပ်သူတစ်ဦးက ဆိုသည်။
ထို့ပြင် အလှူခံရန်ရောက်ရှိလာသူ ဦးအောင်ဝင်း (၅၁ ) နှစ်မှာ ယာဘက်တင်ပါး ကျည်ဖေါက်ဝင် ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)၊ ဒေါ်မြင့်စန်း (၅၃ )နှစ်သည် ဝဲဘက်ဒူးခေါင်း ကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ နောင်နောင် (၂၇) နှစ် ပြည်သူ့စစ်အဖွဲ့ဝင်မှာ ယာပေါင်ကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)တို့ ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ကျေးရွာပြည်သူ့ စစ်တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး ရေးဘီးလူးအဖွဲ့သည် အာယုတောင်ကျေးရွာ တောင်ဘက် ဆက်သွယ်ကျေးရွာဘက်သို့ ကားကိုမောင်းနှင် ထွက်ပြေးသွားခဲ့သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။
အသက် (၅၈) နှစ်အရွယ်ရှိ မွန်အမျိုးသား ဦးလင်းဦးသည် ဖားအောက်ရွာသားဇာတိဖြစ်ပြီး မြန်မာစစ်တပ်တွင် ဗိုလ်ကြီးတစ်ဦးအဖြစ်တာဝန်ထန်းဆောင်ခဲ့စဥ် မုဒိမ်းမှုဖြင့် အရေးယူခံရသောကြောင့် ထောင်ကျခံရပြီး စစ်တပ်မှ ထုတ်ပယ်ခံထားရသူဖြစ်ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။
Photo-ဗိုလ်ကြီးဟောင်းလင်းဦး ရရှိသည့်ဒဏ်ရာ