ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းနေကျေးရွာနေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၁၉) ရက် ည (၁၀) နာရီအချိန်ခန့်က ဝါးဒက်ကွင်းကျေးရွာနေ အသက် (၄၀) နှစ်အရွယ်ခန့်ရှိ ဦးချစ်ကို ဆိုသူအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ဦးချစ်ကိုရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ (၂၀) ရက်နေ့ မနက် (၇) နာရီအလောက်မှာ ဝါးဒက်ကွင်းရွာထိပ်က ရာဘာခြံထဲမှာ ပြန်တွေ့ရတာပါ။ ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ” ဟု ၎င်းက ပြောသည်။
ဦးချစ်ကိုမှာ ဝါးဒက်ကွင်းကျေးရွာတွင် ဆိုင်ကယ်ပြုပြင်ရေး ဆိုင်ဖွင့်ထားသူဖြစ်ကြောင်း နှင့် ၎င်းအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက သတ်ဖြတ်သွားသည်ကို မသိရသေးကြောင်း ၎င်းဒေသခံက ဆိုသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ (၇) ရက် ည (၇) နာရီအချိန်ခန့်ကလည်း သထုံမြို့နယ် ကျောက်တန်းကျေးရွာနေ ဦးစိုးလှိုင် ဆိုသူအား အမည်မသိ သေနတ်သမားများမှ သေနတ်ဖြင့် ပစ်ခတ်သွားသည့်အတွက်ကြောင့် ဦးစိုးလှိုင်၏ ရင်ဘတ်၊ ဝမ်းဗိုက် နှင့် ဦးခေါင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ (၄) ရက်ကလည်း ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်နေ ဦးဆန်းဦး ဆိုသူမှာ ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာအနီး လယ်တဲအနီးတွင် အမည်မသိ သေနတ်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရပါသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်တွင် အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်မှ အငြိမ်းစားများ နှင့် အခြားလူပုဂ္ဂိုလ်များ မကြာခဏ လုပ်ကြံသတ်ဖြတ်မှုများ ရှိနေသည်ဟု သိရသည်။
#လုပ်ကြံသတ်ဖြတ်မှု