အားလုံးက ကောင်းဝါ- ၄ ဇူလိုင် ၂၀၂၃။
“ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ သင်တို့ရဲ့ဉာဏ်စွမ်းနဲ့ ရိုးသားဖြောင့်မတ်မှုအပေါ် မူတည်ပါကြောင်း” ဟု ထိုင်းဘုရင်မင်းမြတ် မဟာဝိဇယ လောင်ကွန်းသည် မိဖုရား ဆုသီတာနှင့်အတူ တက်ရောက်ခဲ့ပြီး ဇူလိုင် ၃ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် ပါလီမန်ကိုဖွင့်လှစ်ပေးကာ ထိုင်းပြည်သူလုထုကို ကိုယ်စားပြုသည့် ၎င်းတို့၏တာဝန်ဝတ္တရားများကို မမေ့လျော့ရန် အဖြူရောင်ဝတ်ဆင်ထားသည့် လွှတ်တော်အမတ်များကို သတိပေးလိုက်သည်။
“ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ သင်တို့ရဲ့ဉာဏ်စွမ်းနဲ့ ရိုးသားဖြောင့်မတ်မှုအပေါ် မူတည်ပါတယ်။ အားလုံးက အဲဒီအချက်ကို နားလည်သဘောပေါက်မယ်ဆိုရင်လုပ်ငန်း ဆောင်တာတွေ ချောချောမွေ့မွေ့နဲ့ အောင် မြင်မှာဖြစ်တယ်”ဟု ကြီးကျယ်ခမ်းနားသည့် လွှတ်တော်အဆောက်အအုံသစ်တွင် ဘုရင်က ပထမဆုံးအကြိမ်လွှတ်တော်ကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မိန့်ခွန်းပြောကြားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေ ၁၄ ရက် ရွေးကောက်ပွဲတွင် Move Forward (ရှေ့သို့ချီ) ပါတီသည် လွှတ်တော်အမတ်နေရာ ၁၅၁ နေရာဖြင့် မဲအရေအတွက်အများဆုံး အနိုင်ရရှိခဲ့ပြီး ဝန်ကြီးချုပ်လောင်း ပီတာ လင်ဂျာရွတ်ရတ်၏ ဦးဆောင်မှုအောက်တွင် အခြားမဟာမိတ်ပါတီ (၇)ပါတီနှင့် အတူ ညွန့်ပေါင်းဖွဲ့ထားသည်။
ထို့ကြောင့် (၈) ပါတီပါဝင်မည့် လက်ရှိညွန့်ပေါင်းအဖွဲ့တွင် Move Forward၊ ဖြူထိုင်း၊ ပရာချာချက်၊ ထိုင်းလစ်ဘရယ်ပါတီ၊ ထိုင်းဆန်ထိုင်း၊ Fair ပါတီ၊ Plung Sungkom Mai နှင့် Pue Thai Rumphlang ပါတီတို့ ပါဝင်မည်ဖြစ်သည်။ ၎င်းတို့၏ (၈) ပါတီညွန့်ပေါင်းအဖွဲ့သည် အမတ်နေရာ ၅၀၀ ရှိ အောက်လွှတ်တော်တွင် အမတ်နေရာစုစုပေါင်း ၃၁၂ နေရာ ရရှိထားသည်။
သြဇာကြီးမားသည့် အောက်လွှတ်တော် ဥက္ကဋ္ဌနေရာအတွက် အဆိုပြုချက်များကို ဇူလိုင် ၄ ရက်တွင် တင်သွင်းခဲ့ပြီး ထိုင်းလွှတ်တော်သည် ၀ါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဝမ်မိုဟာမက်နူအာမာသာကို အောက်လွှတ်တော် ဥက္ကဋ္ဌသစ်အဖြစ် ပြိုင်ဘက်မရှိ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
Ref: AFP