ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှု အများဆုံးစာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံးမှပါဝင်ကြောင်း မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် လူ ၁၀၀၃ ဦး သေဆုံးဒဏ်ရာရရှိခဲ့ပြီး လတ်တလော ပဋိပက္ခများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း အရေအတွက် မည်မျှရှိနိုင်မည်ကို စစ်တမ်းကောက်ယူရန် အခက်အခဲရှိနေကြောင်း နှင့် သေဆုံးဒဏ်ရာရမှုအနေဖြင့် ၂ ဆ သို့မဟုတ် ၃ ဆခန့် ရှိနိုင်သေးကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရေးမြို့နယ် နှင့် သံဖြူဇရပ်မြို့နယ်က ခြံများတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုရှိနေပြီး ခြံသို့ သွားရောက်ရန် အခက်အခဲရှိလာကြောင်း ရေးဒေသခံတစ်ဦးက ပြောသည်။
”ရေးနဲ့ သံဖြူဇရပ်ကြားဘက်က ခြံတွေထဲ၊ လမ်းတွေထဲ ခဏခဏ ထိနေတော့ စားဝတ်နေရေးအတွက် ခြံထွက်ဖို့တောင် အခက်အခဲရှိတယ်၊ အရင်က ဒီလို မိုင်းအန္တယ်ရာယ်ဆို မကြားဖူးဘူး၊ အာဏာသိမ်းပြီးမှသာ ဒါတွေဖြစ်လာတာ၊ ခုပွင့်လင်းရာသီ စစ်ရေးအရှိန်မြင့်ဖို့က ကြားနေရတော့ မိုင်းဒဏ်ရော၊ လက်နက်ကြီးဒဏ်ရော စိုးရိမ်နေရတယ်၊ တပ်ကလည်း ခဏခဏကို ပစ်နေတာ၊ တစ်ဖက်က ထိမထိ မသိပေမယ့် ခြံတွေမှာတော့ကျတာပဲ ” ဟု ပြောသည်။
စစ်တပ်အာဏာမသိမ်းခင် ယခင်က အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် မြေမြှုပ်မိုင်းနှင့် ပတ်သက်၍ ပညာပေးအစီအစဉ်များ ဆောင်ရွက်ခဲ့ဖူးသော်လည်း အာဏာသိမ်းပြီးနောက် တားမြစ်ခံခဲ့ရကြောင်း သိရသည်။
သို့သော်လည်း ဆောင်ရွက်နိုင်သည့် ပုဂ္ဂိုလ်များအနေဖြင့် အွန်လိုင်းဖြင့်သော်လည်းကောင်း၊ အသိပညာပေး စာစောင်များ ထုတ်ဝေခြင်းဖြင့် သော်လည်းကောင်း ဆောင်ရွက်ပေးရန် နှင့် စစ်ပွဲများအကြား လုံခြုံစွာနေထိုင်မှုများကိုပါ တစ်ပါတည်း ပညာပေးရန်လိုကြောင်း ရေးမြို့နယ် အရပ်ဘက်အဖွဲ့အစည်းတွင် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ပြောသည်။
မွန်ပြည်နယ်တွင် မြေမြှုပ်မိုင်းဒဏ်ကြောင့် ၁၂ နှစ် နှင့် ၁၃ နှစ်အရွယ် ကလေး ၄ ဦး သေဆုံးခဲ့ရမှု အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း ၁၄ ဦး ထိခိုက်သေဆုံးခဲ့ရပြီး ရေး၊ ကျိုက်ထို နှင့် ဘီးလင်းမြို့နယ်တို့တွင် မိုင်းဒဏ်ခံရမှု ပိုမိုဖြစ်ပွားကြောင်း သိရသည်။
Photo-မြေမြှုပ်မိုင်း ထိခိုက်ခံစားရတစ်ဦး