မွန်ပြည်နယ်မှာ လူဦးရေးနှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများကို ဖိအားပေး တက်ရောက်ခိုင်းခဲ့ပြီး မပူးပေါင်းသူများကို အရေးယူမည်ဟုဆိုကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ဖော်ပြခဲ့သည်။
“ကျည်ဆံများကြားက ၂၀၂၄ သန်းခေါင်စာရင်း – မွန်ပြည်မှ ပဲ့တင်သံ ”ဆိုသော စစ်တမ်းတစ်ခုကို မွန်ဒေသအတွင်း သန်းခေါင်စာရင်း ကောက်ယူမှု ကာလအတွင်း စစ်ကောင်စီမှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အခြားတွေ့ရှိချက်များကို ယနေ့ (နိုဝင်ဘာ ၁၃ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၄ သန်းခေါင်စာရင်းကောက်ယူရေး မေးခွန်းများကို ပြန်ကြည့်ပါက မိသားဝင်များ ခရီးသွားလာမှု၊ လုပ်ငန်းခွင် ဝင်ရောက်မှုများအပြင် ခြိမ်းခြောက်မေးမြန်းသော ပုံစံများ ရှိနေခြင်းကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်ခဲ့ကြောင်း ရာမညဖက်ဒရယ် အင်အားစုသစ် (NRFF) တာဝန်ခံ မင်းသံလွင်က ပြောသည်။
“ဒီစစ်တမ်းထဲမှာဆိုရင် စစ်ကောင်စီဘက်ကနေ ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်လိုကျူးလွန်ခဲ့သလဲ အဲ့ဒါအပြင် သန်းခေါင်စာရင်း ကောက်ယူရေးမှာ ဝန်ထမ်းတွေကို အာဏာသုံးပြီး အတင်းအကြပ် ဖိအားပေးတာတွေ လုပ်ဆောင်ခဲ့တာကို တွေ့ရှိခဲ့ရတဲ့ အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေး မေးခွန်းတွေကို ပြန်ကြည့်ရမယ်ဆိုရင် မိသားစုဝင်တွေဘယ်သွားလဲ၊ အိမ်မှာ အခန်းဘယ်နှခန်းရှိလဲ၊ မိသားစုဝင်တွေ ဘယ်ရောက်နေလဲ ၊ ဘာလုပ်နေလဲ ၊ နောက်ပြီး မိသားစုဝင်တွေရဲ့ ကျန်းမာရေးအခြေအနေတွေ စတဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန် မေးခွန်းတွေကို မေးသွားတဲ့အပြင် မေးမြန်းတဲ့အခါမှာ ခြိမ်းခြောက်မေးမြန်းတဲ့ ပုံစံတွေရှိနေလို့ ပြည်သူတွေ စိုးရိမ်ထိန့်လန့်မှုတွေ ဖြစ်ခဲ့ရတာကို တွေ့ရှိရပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းနေသည့် စစ်ကောင်စီသည် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ပြီး အချိန်ဇယားအတိုင်း မပြီးမြောက်သောကြောင့် အောက်တိုဘာ လကုန်ရက်အထိ ရက်တိုးသတ်မှတ်ခဲ့သည်။
သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ပြည်သူများအား ဖိအားပေးကာ ကောက်ယူခဲ့ပြီး မွန်ပြည်နယ်တွင် စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ ဦးဆောင်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစဥ်ကို အကောင်ထည်ဖော်ခဲ့ကြောင်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF)၏ စစ်တမ်းတွင် ဖော်ပြထားသည်။
စစ်ရေးပဋိပက္ခကျယ်ပြန့်နေသည့်အချိန်မှာ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လူ့အခွင့်အရေး ချိုးဖောက်၍ သန်းခေါင်စာရင်းကောက်ခဲ့ကြောင်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) တာဝန်ခံ မင်းသံလွင်က ဆက်လက်ပြောကြားသည်။
“စစ်ရေးမြင့်တက်နေတဲ့ အချိန်မှာ စစ်ကောင်စီဘက်က ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လူ့အခွင့်အရေးတွေချိုးဖောက်ပြီး သန်းခေါင်စာရင်းကောက်ခဲ့တယ်၊ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေရဲ့ မဲအောင်နိုင်ရေး အတွက်စည်းရုံးရေးတွေ၊ ပညာပေးအဖွဲ့တွေကို စစ်ကောင်စီဘက်က လုံခြုံရေးပေးရမှာဖြစ်ပြီးတော့ ထိခိုက်မှု တစုံတရာရှိလာရင်တော့ အဲ့ဒီထိခိုက်မှုတွေအတွက် စစ်ကောင်စီဘက်က ပြည့်ပြည့်ဝဝကို တာဝန်ယူ၊ တာဝန်ခံရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူမှုကို မွန်လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသော မွန်ပြည်သစ်ပါတီ (AD) ၊ မွန်ပြည်လွတ်မြောက်ရေး တပ်မတော် (MLA)၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီတို့က ဆန့်ကျင်ထားပြီး စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု ၎င်းတို့၏ သဘောထား ရပ်တည်ချက်များကို ဖော်ပြထားသည်။