ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီကြောင့် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ် ၇၈ ခု ရှိခဲ့ကြောင်း ၂၀၂၄ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အရပ်သားများအပေါ် အကျိုးသက်ရောက်မှုများ ခေါင်းစဥ်ဖြင့် BFNW အဖွဲ့က ယနေ့တွင် အချက်အလက်များကို တင်ပြခဲ့သည်။
ဗမာဖက်ဆစ်နှင့် အမျိုးသားရေးဝါဒီလှုပ်ရှားမှု စောင့်ကြည့်ရေးအဖွဲ့ Burma Fascism and Nationalism Watch- BFNW အဖွဲ့က သတင်းဌာနများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများအား Zoom Meeting ဖြင့် တင်ပြခဲ့ရာတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုဖြစ်စဉ်၊ မြေပြင်လက်နက်ကြီးဖြစ်စဉ်၊ မီးရှိုးသတ်ဖြတ်မှုဖြစ်စဉ်နှင့် ရက်စက်စွာ သတ်ဖြတ်မှု ဖြစ်စဉ်တို့ပါဝင်ကြောင်း တွေ့ရသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က ဝန်းသိုမြို့နယ်အတွင်း စစ်ကောင်စီတပ် ခမရ ၁၂၀ တပ်မှ စစ်ကြောင်းပတ်ထိုးသည့်အချိန် စပါးကုန်သည် ၅ ယောက်အပါအဝင် အရပ်သား ၁၄ ယောက် သတ်ဖြတ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်က စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာတွင် အရပ်သား ၃၂ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။
အလားတူ ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက် ဗျိုင်းဖြူရွာကို စစ်ကောင်စီ တပ်သား ၁၇၀ ခန့်က ကား ၇ စီးနှင့်အတူ တစ်ရွာလုံးကို ပိတ်ဆို့ဖမ်းဆီးပြီး အရပ်သား ၇၆ ဦးကို သတ်ဖြတ်ခဲ့သလို အောက်တိုဘာ ၁၇ ရက်က ဘုတလင်မြို့နယ် စီပါရွာအတွင်း အရပ်သား ၆ ဦး၏ ခန္ဓာကိုယ်များအား အပိုင်းပိုင်းဖြတ်တောက်ကာ နေအိမ်ခြုံစည်းရိုးများတွင် ချိတ်ဆွဲထားခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုအနေဖြင့် စစ်ကိုင်းတိုင်းတွင် ၁၂၂၆ ကြိမ်၊ ရှမ်းမြောက်တွင် ၅၃၄ ကြိမ်၊ ချင်းပြည်နယ်တွင် ၅၁၆ ကြိမ်၊ ကချင်ပြည်နယ်တွင် ၂၈၆ ကြိမ်၊ ရခိုင်တွင် ၂၈၁ ကြိမ်၊ ကရင်ပြည်နယ်တွင် ၁၇၉ ကြိမ်၊ မန္တလေးတိုင်းတွင် ၁၇၆ ကြိမ်၊ ကရင်နီပြည်နယ်တွင် ၁၆၂ ကြိမ်၊ တနင်္သာရီတွင် ၇၁ ကြိမ်၊ မကွေးတွင် ၅၈ ကြိမ်၊ ပဲခူးတိုင်းတွင် ၃၃ ကြိမ်နှင့် မွန်ပြည်နယ်တွင် ၁၈ ကြိမ် ရှိခဲ့သည်။
စက်တင်ဘာ ၉ ရက်နေ့က မောင်တော၊ (၄) မိုင် (နခခ-၂) စခန်းကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံးပန်းများနှင့် တခြားအကျဉ်းသားများ ၅၀ ကျောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီအနေဖြင့် MI-35 ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်၊ MI 12 Light Attack Helicopter၊ MIG29 ဂျက်ဖိုက်တာ၊ YAK-130 ဂျက်ဖိုက်တာဦ M-9ဦ K – 8W Jet Fighter တို့ကို အသုံးပြု၍ နိုင်ငံတကာတွင် အသုံးပြုမှု ပိတ်ပင်ထားသည့် အင်အားပြင်း Cluster ဗုံးသီးများဖြင့် တိုက်ခိုက်မှုလည်း ရှိခဲ့ကြောင်း BFNW က ဖော်ပြခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်စီးခံရသည့်နေအိမ် ၉၁၈၆၅ လုံး၊ ဘာသာရေးအဆောက်အဦ ၂၂၅ လုံး နှင့် စာသင်ကျောင်း ၂၁၆ လုံး ပျက်စီးခဲ့ကြောင်း ဆိုသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် ၃၁၆၀ အထိ ရှိခဲ့ကြောင်း BFNW က ဖော်ပြခဲ့သည်။
Photo- BFNW ၏ အချက်အလက်များ
#လူ့အခွင့်အရေး
#စစ်ကောင်စီ #အစုလိုက်အပြုံလိုက်သေဆုံး
#မြန်မာစစ်တပ် #လူ့အခွင့်အရေးချိုးဖောက်မှုများ #အရပ်သားများအပေါ်အကျိုးသက်ရောက်မှုများ #BFNW