ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်ခဲ့ပြီးနောက် နယ်စပ်ဘက်သို့ ထွက်ပြေးလာသော Grey Chinese တရုတ်ဂိုဏ်းဝင် ၂၀ ဦးကို စံခလပူရီမြို့နယ်တွင် ထိုင်းလုံခြုံရေးက ယနေ့မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိကြောင်း ကန်ချနူပူရီဒေသသတင်း Facebook စာမျက်နှာ ဖော်ပြချက်အရ သိရသည်။
မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ဦးတည်၍ စံခလယ်ကျေးရွာ စာသင်ကျောင်းရှေ့ တောလမ်းကြောင်းမှ အဆိုပါ တရုတ်ဂိုဏ်းဝင်များ ဖြတ်သန်းသွားစဥ် ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိသည်ဟု ဆိုသည်။
တရုတ်အမျိုးသား ၁၈ ဦးနှင့် လာအိုအမျိုးသမီး ၂ ဦး စုစုပေါင်း ၂၀ ဦးအုပ်စုကို စစ်တပ်နှင့်ရဲပါဝင်သော လုံခြုံရေးအဖွဲ့က တွေ့ရှိခဲ့ပြီး ၄င်းတို့အား ပတ်စပို့စာရွက်စာတမ်းများကို စစ်ဆေးခဲ့ရာ အထောက်အထားပြသနိုင်ခြင်းမရှိသဖြင့် စံခလပူရီရဲစခန်းသို့ ခေါ်ဆောင်လာခဲ့သည်ဟု သိရသည်။
ထို့အတူ စံခလယ်နှင့် ဘုရားသုံးဆူရွာအကြားရှိ နန်းပကိတ်ထိုင်းစစ်တပ်ဂိတ်ကိုလည်း လုံခြုံရေးတင်းကြပ်လိုက်ပြီး ယာဥ်အသွားအလာများကို ဆက်လက်စစ်ဆေးနေစဥ် ကန်ချနပူရီမှလာသော အဖြူရောင် Isuzu မော်တော်ကားတစ်စီးပေါ်မှ ပါဆယ်ထုပ်များ စစ်ဆေးခဲ့ရာ လက်နက်နှင့်ခဲယမ်းအချို့ကို ရှာဖွေဖမ်းဆီးရမိခဲ့သည်။
ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်၊ စံခလပူရီမြို့နယ်နှင့် နယ်စပ်ချင်းထိစပ်နေသော ကရင်ပြည်နယ် ဘုရားသုံးဆူမြို့သို့ ယခုအခါ ထောင်နှင့်ချီသော တရုတ်နိုင်ငံသား အုပ်စုအလိုက် ဝင်ရောက်လာနေကြောင်း တွေ့ရှိရသည်။
Photo-ဖမ်းမိသော တရုတ်ဂိုဏ်းဝင်များ (ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี)
GreyChinese
တရုတ်ဂိုဏ်းဝင်
ထိုင်းလုံခြုံရေး
ဖမ်းဆီးရမိ