ကောင်းဝါ- ၄ ဇူလိုင် ၂၀၂၃။
တောင်ကိုးရီယားနိုင်ငံတွင် ၅ ရက်သား မိမိတို့၏ မွေးကင်းစ ခလေးငယ်တစ်ဦးအား လည်ပင်းညှစ်သတ်ခဲ့သည်ဆိုသည့် စုံတွဲတစ်တွဲကို လူသတ်မှုသံသယဖြင့် ရဲတပ်ဖွဲ့က ပြီးခဲ့သည့်တနဂႅနွေနေ့တွင် ဖမ်းဆီးလိုက်သည်ဟု The Korea Herald သတင်းက ဖော်ပြသည်။ https://www.koreaherald.com/view.php?ud=20230702000162
အသက် ၂၀ ယောက်ျားနှင့် အသက် ၃၀ နှစ်ရှိအမျိုးသမီးတို့ လင်မယားစုံတွဲသည် ထွက်ပြေးရန် ဖြစ်နိုင်ခြေများသည့်အတွက် Changwon ခရိုင်တရားရုံးမှ ဇူလိုင် (၂) ရက်နေ့က ဖမ်းဝရမ်းအမိန့်ထုတ်ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့စစ်ဆေးချက်အရ စုံတွဲလင်မယားအမျိုးသမီးတွင် ကိုယ်ဝန်ရှိမှန်းသိပါက မိဘများခွဲပစ်မှာ စိုးရိမ်ရကြောင်း၊ ခလေးငယ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလက မွေးဖွားခဲ့ပြီး ၄ ရက်အကြာတွင် ဆေးရုံမှဆင်းခွင့်ရခဲ့ကြောင်း၊ ဖခင်ဖြစ်သူက ခလေးငယ်အား လည်ပင်းညှစ်သတ်ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း၊ ခလေးသေဆုံးခဲ့ပြီး မီးသဂြိုလ်ရန် ငွေရေးကြေးရေး မတတ်နိုင်သောကြောင့် အလောင်းကို မိမိတို့ကိုယ်တိုင် မြှုပ်နှံလိုက်ရကြောင်း အဆိုပါစုံတွဲနှစ်ဦးစလုံးက ဝန်ခံပြောဆိုခဲ့သည်ဟု ဆိုသည်။
၎င်းတို့ စုံတွဲသည် မွေးကင်းစကလေး၏ မွေးဖွားခြင်းကို မှတ်ပုံတင်ထားခြင်း မရှိကြောင်း ဂိုဆန်ခရိုင် အာဏာပိုင်များ ဖော်ထုတ်တွေ့ရှိခဲ့ပြီး ကလေးပျောက်ဆုံးမှုကို ရဲတပ်ဖွဲ့ထံ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် တိုင်ကြားခဲ့ပြီးနောက် အဆိုပါ ရာဇ၀တ်မှုများကို ထုတ်ဖော်ခဲ့သည်။
သို့ရာတွင် ၎င်းတို့စုံတွဲ၏ ခလေးအလောင်းကို အခင်းဖြစ်ပွားသည့်နေ့တွင်ပင် စွန့်ပစ်ခဲ့ကြောင်း၊ အဆိုပါနေရာတစ်ဝိုက်တွင် ရဲတပ်ဖွဲ့နှင့် လုံထိန်းရဲများ အပါအဝင် ဝန်ထမ်း ၈၀ ခန့်ကို စေလွှတ်ကာ ဆက်လက်ရှာဖွေခဲ့သော်လည်း အလောင်းကို ရှာမတွေ့သေးပေ။
၂၀၁၅ ခုနှစ်ကတည်းက စာရွက်စာတမ်းမဲ့ကလေးငယ် ၂၀၀၀ ကျော်ကို စစ်ဆေးရန် အစိုးရအနေဖြင့် စုံစမ်းစစ်ဆေးမှု စတင်ပြီးနောက် တုန်လှုပ်ချောက်ချားဖွယ်ရာ တောင်ကိုးရီးယားနိုင်ငံတွင် မွေးကင်းစကလေးငယ်များကို သတ်ပစ်သည့်အမှုများအနက် နောက်ဆုံးထွက်ရှိလာသည့် ရာဇဝတ်မှုဖြစ်သည်။ .