ရာသီဥတုအခြေအနေနှင့် အလုပ်သမားရှားပါးမှုများကြောင့် ဆားတောင်သူများအနေဖြင့် နေလှမ်းဆားကြမ်းလုပ်ငန်းများကို ထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
လက်ရှိ နိုဝင်ဘာလဆန်းပိုင်းကာလအထိ မွန်ပြည်နယ်အတွင်း မိုးရွာသွန်းမှုများရှိနေသေးသည့်အတွက်ကြောင့် နေလှမ်းဆားကြမ်းထုတ်လုပ်သည့်လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောကြားသည်။
“သီတင်းကျွတ်ပြီး မိုးလေကင်းလွတ်လောက်ပြီးဆိုပြီး ဆားကွင်းတွေကို ပြုပြင်တာတွေလုပ်တယ်။ မိုးကဆက်ရွာတယ်။ အဲ့ဒီတော့ ပြုပြင်ထားတဲ့ ဆားကွင်းတွေ ပျက်ဆီးတာမျိုးရှိတယ်။ ဆားရာသီမစသေးခင်ကပဲ ပျက်ဆီးဆုံးရှုံးမှုတွေဖြစ်နေတဲ့သဘောရှိနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် ယခုနှစ် ရာသီဥတုအခြေအနေအရ ဆားကြမ်းထုတ်လုပ်နိုင်မှုလျော့နည်းနိုင်ကြောင်းလည်း ၎င်းတောင်သူက ဆိုသည်။
ထို့အပြင် ဆားတောင်သူများအနေဖြင့် အလုပ်သမားရှားပါးမှုပြဿာနာနှင့် ကြုံတွေ့နေရကြောင်းလည်း ၎င်းတို့က ပြောကြားချက်များအရ သိရသည်။
“စစ်ကောင်စီကနေ စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးကတည်းကကို အရွယ်ကောင်းအလုပ်သမားတွေအားလုံးက ထိုင်းနိုင်ငံဘက်ကိုထွက်သွားကုန်တယ်။ ဒီမှာ လုပ်ခပိုပေးမယ်ဆိုရင်လည်း သူတို့ကမနေရဲကြတော့ဘူး။ ဆားကြုံးရတဲ့အလုပ်က အရွယ်ကောင်းအလုပ်သမားတွေကိုဘဲ အားကိုးနေရတာလေ။ အလုပ်သမားတွေခေါ်မရ၊ ငှားမရဖြစ်တာတွေက ဆားတောင်သူတွေအတွက်က အခက်အခဲတော်တော်ဖြစ်နေတယ်” ဟု သံဖြူဇရပ်မြို့မှ ဆားတောင်သူတစ်ဦးက ပြောကြားသည်။
အလုပ်သမားများရှားပါးနေသည့်အတွက်ကြောင့် တချို့ဆားတောင်သူများအနေဖြင့် လုပ်ငန်းများ လျော့ချလိုက်ရသည့်အခြေအနေများလည်းရှိနေကြောင်းလည်း ၎င်းကဆိုသည်။
မွန်ပြည်နယ်အတွင်း နေလှမ်းဆားထုတ်လုပ်မှုလုပ်ငန်းများအား မိုးရာသီအကုန် စက်တင်ဘာလလယ်ခန့်တွင် စတင်လုပ်ကိုင်ကြပြီး၊ ဒီဇင်ဘာလ နှင့် ဇန်နဝါရီများတွင် ဆားကြမ်းစတင် ထုတ်လုပ်ကြလေ့ရှိကြောင်း၊ သံဖြူဇရပ်မြို့နယ်အတွင်း ပငကျေးရွာအပြင် ကျိုက္ခမီ၊ စက်စဲ နှင့် ဝဲကလောင်းကျေးရွာတို့တွင်လည်း ဆားလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း၊ ထို့အပြင် ရေးမြို့နယ် နှင့် ပေါင်မြို့နယ်များအတွင်းလည်း နေလှမ်းဆားလုပ်ငန်းများရှိကြောင်း သိရသည်။