ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ (၁) ရက်နေ့ မွန်းလွဲပိုင်းအချိန်က မော်တော်ယာဉ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာလ (၁) ရက်နေ့ မွန်းလွဲ (၁၂) နာရီ (၃၀) မိနစ်အချိန်ခန့်က အဆိုပါ မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ပဲခူးမြို့ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ ယာဉ်မောင်း အေးမင်းပိုင် ဆိုသူ မောင်းနှင်လာသော Toyota Passo အမျိုးအစား မော်တော်ယာဉ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ တာဝန်ရှိသူများမှ စစ်ဆေးစဉ် စိတ်ကြွရူးသွပ်ဆေးပြားများ ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
သက်ဆိုင်ရာမှ ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်စဉ် Toyota Passo အမျိုးအစား မော်တော်ယာဉ်၏ ယာဉ်မောင်းဘေးတံခါးဘောင်ကြားအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀) ပြား အားလည်းကောင်း၊ မော်တော်ယာဉ် ရှေ့ခန်းဘယ်ဘက် တံခါးဘောင်ကြားအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၈၀၀၀၀) ပြားအားလည်းကောင်း၊ မော်တော်ယာဉ်နောက်ခန်း ညာဘက်တံခါးဘောင်ကြားအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀) ပြားအားလည်းကောင်း၊ မော်တော်ယာဉ်နောက်ခန်း ဘယ်ဘက်တံခါးဘောင်ကြားအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၀၀၀၀) ပြားအားလည်းကောင်း ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ ယာဉ်မောင်းဖြစ်သူ အေးမင်းပိုင် က စိတ်ကြွရူးသွပ်ဆေးပြားတွေကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကနေ မော်လမြိုင်မြို့ကို အခကြေးငွေယူပြီး လာပို့တာလို့ စစ်ဆေးပေါ်ပေါက်ထားပါတယ်” ပြောကြားသည်။
ထိုဖြစ်စဉ်မှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ အေးမင်းပိုင် နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ပို့ဆောင်ခိုင်သူနှင့် လက်ခံမည့်သူများကိုလည်း ဖေါ်ထုတ်ကာ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။
လက်ရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ယာဉ်မောင်းဖြစ်သူ အေးမင်းပိုင် ဆိုသူမှာ ပြီးခဲ့သည့် (၂၀ၐ၅) ခုနှစ်၊ ဖေဖေါ်ဝါရီလက စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် ထောင်ဒဏ် (၁၁) နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်ပြီး ၊ (၂၀၂၁) ခုနှစ် တွင် အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ထံမှ သိရသည်။