ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့သို့ ရှမ်းပြည်နယ်တောင်ပိုင်းမှ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၈ သိန်း ကျောက်ဆည်မြို့နယ်တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ CCDAC MYANMAR ၏ ထုတ်ပြန်ချက်အရ သိရသည်။
CCDAC MYANMAR ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာအနီးတွင် တောင်ကြီးမှ ကျောက်ဆည်ဘက်သို့ ကိုကိုမောင်(ခ)ချမ်းပြည့်မောင် မောင်းနှင်ပြီး တင်ကို လိုက်ပါလာသည့် ISUZU D-MAX မော်တော်ယာဉ်ပေါ်မှ ကျပ် ၁ ဒသမ ၃၂ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို သတင်းအရရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၄င်းတို့အား စစ်ကြောရေးမှ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ခဲ့သည်။
အလားတူ အောက်တိုဘာလ (၂၃) ရက်နေ့က ညောင်ခါးရှည် X – Ray စက် စစ်ဆေးရေးဂိတ်တွင် မော်လမြိုင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် “ရာဇာအောင်” ခရီးသည်တင်မှန်လုံယာဉ်ပေါ်လိုက်ပါလာသော ဘုရားသုံးဆူမြို့က ကိုကိုနိုင် (ခ) ကိုနိုင် ဆိုသူထံမှ ပစ္စတို ၁၆ လက်နှင့် ၎င်းလက်နက်ခဲယမ်းများကို အာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။