သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ပရဟိတလူမှုကူညီရေးအသင်းအား အသင်းဝင်များနှင့် အလှူရှင်တို့၏ အများသဘောဆန္ဒအရဖျက်သိမ်းခဲ့ကြောင်း ၎င်းအသင်းနှင့် နီးစပ်သူများက ပြောကြားသည်။
ထို ပိုင်ရှင်မဲ့ပရဟိတလူမှုကူညီရေးအသင်း၏ ဥက္ကဌအပါအဝင် အသင်းဝင် (၉) ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် ပတ်သက်ဆက်နွယ်သည်ဟု ဆိုကာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ စစ်ကြောရေးလုပ်ဆောင်ခဲ့ပြီးနောက် ဥက္ကဌဦးရဲမင်းထိုက် နှင့် အသင်းဝင်များဖြစ်ကြသည့် ကိုဝင်းကြည်နှင့် ကိုတူး တို့ (၃) ဦးအား အေက်တိုဘာလ (၉) ရက်နေ့က အကြမ်ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၀ ည ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး၊ ကျန် အသင်းဝင် (၆) ဦးအား ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထိုအခြေအနေများကြောင့် ပိုင်ရှင်မဲ့ပရဟိတလူမှုကူညီရေးအသင်းအနေဖြင့် ဆက်လက်ရပ်တည်လည်ပတ်ရန် အခက်အခဲများရှိနေသည့်အတွက်ကြောင့် အသင်းဝင်များနှင့်အလှူရှင်များ၏ သဘောဆန္ဒအရ ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းအသင်းနှင့် နီးစပ်သူ သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောကြားသည်။
“အသင်းမှာအသုံးပြုနေတဲ့ လူနာတင်ယာဉ် (၄) စီးကိုတော့ သံဖြူဇရပ်မြို့အခြေစိုက် အခြား ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းကို လှူဒါန်းလိုက်ပြီးဖြစ်ပါတယ်။ သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ အသင်းရုံးကိုလည်း ဖြိုချဖယ်ရှားလိုက်ပြီးဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပိုင်ရှင်မဲ့ပရဟိတလူမှုကူညီရေးအသင်းရုံးအတွင်းရှိ ရုံးသုံးပရိဘောဂပစ္စည်းများအပြင် ပန်ကာများ၊ ဆိုလာပြားများနှင့် ကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား အသင်းဝင်းများ ဖမ်းဆီးခံရချိန်တွင် အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နှင့် အပေါင်းအပါများက သိမ်းဆည်းသွားပြီး၊ အသင်းတာဝန်ရှိသူများထံ ပြန်လည်အပ်နှံပေးခြင်းမရှိသေးကြောင်းနှင့် ယင်းပစ္စည်းများမှာ အများပြည်သူလှူဒါန်းပေးထားသည့် ငွေကြေးများဖြင့် ဝယ်ယူလှူဒါန်းပေးထားသည့် ပစ္စည်းများဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဖျက်သိမ်းလိုက်ပြီးဖြစ်သည့် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းအား (၂၀၁၈) ခုနှစ်အတွင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ထံ အသင်းအဖွဲ့မှတ်ပုံတင်ကာ တည်ထောင်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်းနှင့် သံဖြူဇရပ်မြို့နယ်အတွင်း ထိခိုက်လူနာများ၊ အရေးပေါ်လူနာများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ပေးခဲ့သည့်အပြင် နာရေးကူညီမှုကိုလည်း ဆောင်ရွက်ပေးနေသည့် အသင်းတစ်သင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ ကျိုက်ထို၊ မော်လမြိုင်၊ မုဒုံ နှင့် သံဖြူဇရပ်မြို့နယ်မှ လူမှုကူညီကယ်ဆယ်ရေးသမား တချို့ ဖမ်းဆီးခံရကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရကြောင်း သိရသည်။