ယခုနိုဝင်ဘာလအတွင်း အိန္ဒိယအစိုးရက ဦးဆောင်ကျင်းပမည့် ဖက်ဒရယ်အရေးဆွေးနွေးပွဲသို့ မွန်ညီညွတ်ရေးပါတီ MUP ကို ဖိတ်ကြားထားကြောင်း သိရသည်။
ထို့အတူ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP, ရခိုင့်ဦးဆောင်ပါတီ Arakan Front Party-AFP ချင်းပြည်နယ်အခြေစိုက်ပါတီတစ်ခုနှင့် USDP ပါတီတို့ကိုလည်း ဖိတ်ကြားထားကြောင်း SNDP ဥက္ကဌ စိုင်းအိုက်ပေါင်းက ဘီဘီစီသို့ ပြောကြားခဲ့သည်။
အလားတူ အိန္ဒိယ၏ ကမ္ဘာ့ရေးရာကောင်စီ Indian Council of World Affairs-ICWA က ကျင်းပမည့် ဖွဲ့စည်းပုံနှင့် ဖက်ဒရယ်စနစ်အကြောင်း ဆွေးနွေးပွဲသို့ ရခိုင့်တပ်တော် AA, ကချင်လွတ်လပ်ရေးအဖွဲ့ KIA, ချင်းအမျိုးသားတပ်ဦး CNF တို့ ကိုလည်း ဖိတ်ကြားထားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် အိန္ဒိယအစိုးက ထောက်ခံအားပေးနေပြီး မြန်မာ့အရေးပါဝင်ပတ်သူအားလုံးနှင့် ထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြီးခဲ့သည့်ဇူလိုင်လအတွင်း တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့သည်။
တဖက်တွင်လည်း တရုတ်ပြည်၏ ဖိတ်ကြားမှုဖြင့် စစ်ကောင်စီ၏အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုအပတ်အတွင်း တရုတ်ပြည်သို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။