ကောင်းဝါ- ၃ ဇူလိုင် ၂၀၂၃။
တနင်္သာရီတိုင်းဒေသကြီး၌ ပြီးခဲ့သည့် ဇွန်လအတွင်းက အရပ်သားပြည်သူ (၁၆) ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
ဇွန်လအတွင်းက လောင်းလုံးမြို့နယ်အတွင်း ဒေသခံအမျိုးသား (၃) ဦး၊ သရက်ချောင်းမြို့နယ်အတွင်း ဒေသခံအမျိုးသား (၄) ဦး၊ ရေဖြူမြို့နယ်အတွင်း အမျိုးသား (၁) ဦး၊ ပုလောမြို့နယ်အတွင်း ဒေသခံအမျိုးသား (၄) ဦး၊ မြိတ်မြို့နယ်အတွင်း အမျိုးသား (၁) ဦး၊ တနင်္သာရီမြို့နယ်အတွင်း ဒေသခံအမျိုးသား (၂) ဦး နှင့် ကော့သောင်းမြို့နယ်အတွင်း အမျိုးသား (၁) ဦး၊ စုစုပေါင်း (၁၆) ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
“မြိတ်မြို့နယ်မှာ အသတ်ခံရသူက NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရဲ့ အစ်ကိုဖြစ်သူ ကိုတင်သန်းဦး ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် (၁၀) ရက်အကြာမှာ စစ်ကြောရေးမှာ သေဆုံးခဲ့တာပါ။ စစ်ကောင်စီဘက်ကတာ့ စစ်မေးရင်းနဲ့ အမောဖောက် သေဆုံးခဲ့တာလို့ ပြောဆိုထားတာမျိုးရှိတယ်” ဟု မြိတ်မြို့ခံတစ်ဦးက ပြောကြားသည်။
အကြောင်းအမျိုးမျိုးကြောင့် သတ်ဖြတ်ခံခဲ့ရသူများတွင် စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့သည့် ဒေသခံပြည်သူများ၊ တိုက်ပွဲဖြစ်ပွားနေချိန် ဖြတ်သန်းသွားလာမိပြီး သေဆုံးခဲ့ရသည့် အရပ်သားများ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့သည့် ပျူစောထီး၊ စစ်ကောင်စီသတင်းပေး နှင့် လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံထားရသူများ ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း တနင်္သာရီတိုင်းဒေသကြီး၌ စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်သတ်ခဲ့သည့် အရပ်သားများ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF က ပစ်သတ်ခဲ့သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီသတင်းပေး၊ Non CDM ဝန်ထမ်းများ နှင့် လက်သည်မပေါ်ဘဲ ပစ်သတ်ခံရသူ စုစုပေါင်း (၁၉) ဦး ရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
ပုံစာ – ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်က လောင်းလုံးမြို့နယ် ပန္ဒလဲကျေးရွာ မှ သက်ကြီးပိုင်း အမျိုးသားတစ်ဦး အသတ်ခံထားရသည်ကို တွေ့ရစဉ်