ထိုင်းနိုင်ငံသည် ဒရုန်းများကို သုတေသနလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ ဓာတ်ပုံနှင့်ရိုက်ကူးရေးလုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများအတွက် လာမည့် (၁၀)နှစ်အတွင်း ဒရုန်းအစင်းရေ (၁) သန်းအထိ မှတ်ပုံတင်နိုင်ရန် မျှော်လင့်ထားကြောင်း အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့ (CAAT)က ထုတ်ဖော်ပြောဆို လိုက်သည်။
(CAAT) အဖွဲ့သည် ထိုင်းနိုင်ငံအတွင်းရှိ ဒရုန်းနည်းပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ဆိုသည်။
ထိုင်းအရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က “ အောက်တိုဘာလအကုန်မှာ ဒရုန်းအစင်းရေ (၁၃၀,ဝဝဝ) ကျော်အထိ မှတ်ပုံတင်အမည်စာရင်း ပေးသွင်းသွားမယ်လို့ မျှော်လင့်ထားတယ်။ လူတိုင်းဟာ ဒရုန်းတွေကို မောင်းနှင်လာကြတယ်။ ဒရုန်းတွေကို မိုလ်ဘိုင်းဖုန်းတွေနဲ့ မောင်းနှင်တာတွေလည်း လုပ်ဆောင်လာတယ်။ လာမယ့် (၁၀)နှစ်အထိဆိုရင် ဒရုန်းအစင်းရေ (၁)သန်းထိ မှတ်ပုံတင်နိုင်ဖို့ မျှော်လင့်ထားတယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဒရုန်းလိုအပ် ချက်များမြင့်တက်လာနေပြီး ဒရုန်းအမျိုးမျိုးကို တီထွင်ထုတ်လုပ်နိုင်ရန် ပြင်ဆင်နေကြောင်း ထိုင်း အာဏာပိုင်များကပြောသည်။ ထိုင်းနိုင်ငံအတွင်းရှိ ဒရုန်းဈေးကွက်သည်လည်း လာမည့် နှစ်ပိုင်းအတွင်း ပိုမိုမြင့်တက်လာမည်ဖြစ်ပြီး ဒရုန်းအရောင်းအဝယ် ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။
နိုင်ငံတကာခရီးသွားများအနေဖြင့် ၎င်းတို့၏ ဒရုန်းများကို ထိုင်းနိုင်ငံအတွင်းသို့ ယူဆောင်လာနိုင်သော်လည်း ၎င်းတို့၏ဒရုန်းများကို NBTC သို့မဟုတ် ထိုင်းနိုင်ငံမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) တွင် ၎င်းတို့၏စက်ပစ္စည်းများကို စာရင်းမသွင်းမချင်း ပျံသန်းခွင့်ပြုမည်မဟုတ်ပေ။
ထို့အပြင်၊ စီးပွားဖြစ်အသုံးပြုရန်အတွက် ဒရုန်းကို ထိုင်းနိုင်ငံအတွင်းသို့ ယူဆောင်လာပါက CAAT မှ ခွင့်ပြုချက်ကိုလည်း တောင်းခံရမည်ဟု သိရသည်။
ထိုင်းနိုင်ငံရှိ မောင်းသူမဲ့ ဒရုန်းယာဉ်များအားလုံး မှတ်ပုံတင်ရန် လိုအပ်ကြောင်း အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) က ကြေညာခဲ့သည်။ အကယ်၍ မလုပ်ဆောင်ပါက ဒရုန်းပိုင်ရှင်သည် ထောင်ဒဏ်ငါးနှစ် သို့မဟုတ် ဘတ်ငွေ 100,000 အထိ ဒဏ်ရိုက်ခံရနိုင်သည်။
Photo-ဒရုန်း
ထိုင်းနိုင်ငံ
ဒရုန်းများ
သုတေသနလုပ်ငန်း
စိုက်ပျိုးရေးလုပ်ငန်း
ဓာတ်ပုံနှင့်ရိုက်ကူးရေးလုပ်ငန်း
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း
လုံခြုံရေးဆိုင်ရာလုပ်ငန်း
မှတ်ပုံတင်နိုင်ရန်
အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့
CAAT