မြဝတီမှမန္တလေးသို့ Starlink စက်များ တင်ဆောင်လာသည့် မော်တော်ယာဥ်နှင့်အတူ DKBA အရာရှိတစ်ဦးကို ဝေါမြိုနယ်၊ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်အလွန် အမြန်လမ်းပေါ်တွင် သတင်းအရ စစ်ကောင်စီက ဖမ်းဆီးမိကြောင်း သိရသည်။
ယင်းသို့ ပိတ်ဆို့စစ်ဆေးခဲ့ရာ အမြန်လမ်းမိုင်တိုင်အမှတ်၊ ၃၉/၀ သို့ တက်သည့်နေရာ၌ ယာဉ်မောင်း DKBA အမှတ်(၁) နည်းဗျူဟာ၊ ခွဲ(၄)မှ ကိုယ်ပိုင်အမှတ်၊ က/၁၀၈၇ ဒုတပ်ခွဲမှူးအဆင့်ရှိ စောနိုင်နိုင်အောင်(ခ)ကိုစိုင်း(ခ)တရုတ် ၅၂ နှစ်၊ SURF အမျိုးအစား ယာဉ်အမှတ်၊ 7B/8828(လိုင်စင်ရှိ)အား တွေ့ရှိ ခဲ့သဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်၌ Starlink စက်အကြီး ၈ လုံး၊ Starlink စက်အသေး ၂ လုံးကို ဖမ်းဆီးမိကြောင်း စစ်ကောင်စီလော်ဘီ တပ်လီဂရမ်မှ ဖော်ပြသည်။
ထို့အတူ DKBA တံဆိပ်ပါ ၃ ပွင့် တပ်ဆင်ထားသည့် ပြောက်ကျားယူနီဖောင်း ၂ ထည်၊ DKBA တပ်ဖွဲဝင် ခရီးသွားထောက် ခံချက်တစ်စောင်၊ ယာဉ်မောင်းလိုင်စင်တစ်ခု၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခု၊ ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်စာအုပ်တစ်အုပ်၊ ဧရာဝတီဘဏ်စာအုပ်တစ်အုပ်နှင့် ကမ္ဘောဇဘဏ် စာအုပ်တစ်အုပ်၊ DKBA တပ်ဖွဲ့ဝင် စိစစ်ရေးကတ်ပြားတစ်ခုတိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ရေးသားထားသည်။
၄င်းဖြစ်စဥ်အပေါ် စစ်ကောင်စီနှင့် အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသည့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA အနေဖြင့် မည်ကဲ့သို့ဆောင်ရွက်မည်ကို သတင်းထုတ်ပြန်ခြင်း မတွေ့ရပေ။
အလားတူ ဘုရားသုံးဆူမြို့မှ မန္တလေးမြို့သို့ ပို့ဆောင်သည့် ပစ္စတို ၁၆ လက်နှင့် ၎င်းကျည်အိမ် (၃၂) ခု၊ 9 mm Luger ကျည် (၃၉၀) တောင့်၊ 380 Auto ကျည် (၁၄၀) တောင့်ကို ညောင်ခါးရှည် X – Ray စက်စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီးပေါ်မှ ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့က ကိုကိုနိုင် (ခ) ကိုနိုင်ထံမှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းဖော်ပြပြီး ဖြစ်သည်။
Photo- ဖမ်းဆီးမိသည့်နေရာ ခန့်မှန်းမြေပုံကြမ်း (Google)