ကောင်းဝါ- ၃ ဇူလိုင် ၂၀၂၃။
ထိုင်းနိုင်ငံအတွင်း မကြာမီတွင် ဆန္ဒပြလှုပ်ရှားမှုများ အကြီးအကျယ် ဖြစ်ပေါ်လာနိုင်သောကြောင့် ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့က အသင့်တပ်လှန့်ထားကြောင်း Bangkok Post သတင်းက ဖော်ပြသည်။
နိုင်ငံရေး သဘောထားကွဲလွဲသော အုပ်စုများသည် ဇူလိုင်လတွင် ဘန်ကောက်ရှိ နေရာအများအပြား၌ စုဝေးရန်စီစဉ်ထားကြောင်း ခိုင်လုံသောသတင်းအရင်းအမြစ်များက ဖော်ပြနေသည့်အတွက် ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ဗိုလ်ချုပ်ဖင်စပ်က ဇွန် ၂၉ ရက်တွင် အမိန့်ညွှန်ကြားစာ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ထိုင်းလွှတ်တော်ပြန်လည်ဖွင့်လှစ်သည့် ယနေ့ဇူလိုင် ၃ ရက်နေ့မှစတင်၍ လွှတ်တော်ဥက္ကဌနှင့် ဝန်ကြီးချုပ်ရာထူးရွေးချယ်မှုကာလအတွင်း ဘန်ကောက်မြို့တော်၌ အကြမ်းဖက်ဆူပူဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လာနိုင်ပြီး ပြဌာန်းထားသည့်စီတန်းလှည့်လည်မှု ဥပဒေများအား ဖီလာဆန့်ကျင်လာမည်ကို စီစစ်တွေ့ရှိထားရကြောင်း အဆိုပါ ရဲအမိန့်ညွှန်ကြားစာတွင် ဖော်ပြထားသည်။
ယင်းသို့ ဆူပူအကြမ်းဖက်ဆန္ဒဖော်ထုတ်လာပါက တရားဥပဒေအရ စနစ်တကျဖမ်းဆီး ထိန်းသိမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စအပြည့်အဝဆောင်ရွက်နိုင်ရေးအပြင် တရားဥပဒေစိုးမှုနှင့် တည်ငြိမ်မှုရရှိရေးအတွက် သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့မှ ရဲလုပ်ပိုင်ခွင့်အပေါ် အလေးထားလုပ်ဆောင်သွားကြရန်၊ ဖမ်းဆီးထိန်းသိမ်းထားမည့် အကြမ်းဖက်ဆူပူဆန္ဒဖော်ထုတ်သူများ၏ လုံခြုံရေးဆိုင်ရာဆောင်ရွက်မှုများကိုလည်း အလေးထားဆောင်ရွက်သွားကြရန်နှင့် အထက်ပါအစိုးရညွှန်းစာအပေါ် သက်ဆိုင်ရာရဲတပ်ဖွဲ့များမှ အောက်ခြေအဆင့်ဆင့်အား ဆက်လက်ရှင်းလင်းချပြသွားရန် အမိန့်ညွှန်ကြားစာတွင် ဖော်ပြထားသည်။
ထို့ပြင် ထူးစောင်ဟောင်း၊ ချလောင်ကလွန်၊ ကျလခေးနွဲ့ စသည့် ထိန်းသိမ်းရေးစခန်းများကိုလည်း အသင့်ပြင်ထားကြောင်း သိရသည်။
အကယ်၍သာ ရွေးကောက်ပွဲတွင် မဲအများဆုံးအနိုင်ရထားသော Move Forward ပါတီခေါင်းဆောင် “ဖိထာ” အား ဝန်ကြီးချုပ်အဖြစ် လွှတ်တော်ကရွေ့ချယ်ခြင်းပြုခဲ့ပါက ထိုင်းနိုင်ငံတွင် ကြီးမားသောဆန္ဒပြပွဲများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ထားသည်။