ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်ကို ယနေ့ မြန်မာစံတော်ချိန် ၁၁ နာရီခွဲခန့်က ကာမီကာဇယ်ဒရုန်း၄စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့အောက်တိုဘာလ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် KNU ထိပ်ပိုင်းခေါင်းဆောင်များ အစည်းအဝေးပြုလုပ်နေသည့် ခန်းမနှင့် မလှမ်းမကမ်းတွင် ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် အစည်းအဝေး ဖျက်သိမ်း၍ လူစုခွဲခဲ့ရကြောင်း၊ စစ်ကောင်စီမှ ယင်းကဲ့သို့ ဗုံးကြဲခြင်းဟု ယူဆစရာရှိကြောင်း KNU အရာရှိတစ်ဦးက ပြောသည်။
တပ်မဟာ(၇) မှ အရာရှိတစ်ဦးက “ဒီနေ့ ၁၁ နာရီခွဲမှာ ဒရုန်းနဲ့ ၄ လုံးလာပစ်တယ်။ ထမင်းစားရုံနည်းနည်း ထိသွားတယ်။ လူအထိအခိုက်မရှိဘူး၊ ကျွန်တော်တို့ ရန်သူဟာ စစ်ကောင်စီပဲ ရှိတယ်လေ။ သူတို့ပဲ ဗုံးလာကြဲတာဖြစ်မှာပေါ့ ” ဟု ပြောသည်။
လက်ရှိ စစ်အာဏာသိမ်းကာလအတွင်း KNU ဗဟိုဌာနချုပ်နှင့် တပ်မဟာ ၇ နယ်မြေအတွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသေးပေ။
Photo-KNU အစည်းအဝေးတစ်ခု (ဓါတ်ပုံဟောင်း)