မွန်ပြည်နယ် ရေပိုင်နက်အတွင်းက ကျားဖောင်လုပ်သားများ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိသဖြင့် မလိုလားအပ်သည့် အသက်ဆုံးရှုံးမှုအချို့ရှိလာနိုင်သဖြင့် သက်ဆိုင်ရာက ကြပ်မတ်ပေးရန်လိုအပ်နေကြောင်း သိရသည်။
ကမ်းခြေမှ ရေမိုင် ၅၀ ကျော်အကွာရှိ ပင်လယ်ပြင်အတွင်းလုပ်ကိုင်နေကြရပြီး နှစ်စဉ် အောက်တိုဘာလမှ ဧပြီလအထိ ၇ လတာ ပင်လယ်ပြင်အတွင်း နေထိုင်လုပ်ကိုင်သော်လည်း လုံလောက်သည့် ကျန်းမာရေးဆိုင်ရာ ဖြည့်ဆည်းစောင့်ရှောက်ပေးမှု လိုအပ်နေသည်ဟု ရေလုပ်သားများက ပြောကြားသည်။
ကျိုက်ခမီမှ ဖောင်ဦးစီးဟောင်းတစ်ဦးက “ပင်လယ်ထဲမှာ ရက်ရှည်နေရတဲ့နေရာဖြစ်တယ်၊ ဆေးနဲ့ပတ်သက်လို့ အဖြစ်သဘောပဲယူသွားတယ်၊ တစ်ခုခုအရေးပေါ်ဖြစ်လာရင် ကမ်းခြေကို ရာသီဥတုကောင်းရင် ၁၀ နာရီလောက် မောင်းရတာ၊ စရိုက်ပေါင်းစုံဆိုတော့ ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးမှုတွေက နှစ်စဉ်ရှိသလို ပင်ပင်ပန်းပန်းလုပ်ကြရတော့ ဒါတွေကို ခုလိုတိုးတက်လာတဲ့ခေတ်မှာ ပြင်ဆင်ပေးသင့်တယ်၊ ဖြည့်ဆည်းပေးသင့်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ငါးခြောက်၊ မျှင်ငါးပိနှင့် ပုဇွန်ခြောက်ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းကျော်ခန့်မှာ ကျားဖောင်လုပ်ငန်းခွင်မှ ရရှိနေပြီး ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝင်ငွေရှဖွေ ပေးနေသည့် လုပ်ငန်းတစ်ခုလည်းဖြစ်သော်လည်း ထိခိုက်ဒဏ်ရာရမှုနှင့်ကြုံလာပါက ကျေးရွာအတွင်းက တရားမဝင် အရပ်သားဆေးမှူးဖြင့်သာ ကုသပေးကြသည်ဟု အဆိုပါဖောင်ဦးစီးက ပြောကြားသည်။
“လုပ်ငန်းရှင်တိုင်းတော့ မဟုတ်ပေမယ့် ၇၀ ရာနှုန်းက အဖြစ်သဘောလောက်ပဲ လုပ်ပေးကြပါတယ်၊ အချို့လုပ်သားတွေ စရိုက်ကြမ်း ဖြစ်သလိုနေကြသူတွေလည်း ရှိပါတယ်၊ မသွားခင် အလုပ်ရှင်၊ အလုပ်သမား၊ အကျိုးဆောင် ပညာပေး ကာလတိုတစ်ခုလုပ် ပေးရင် ပိုကောင်းမယ်၊ အဆိုးဆုံးက ကျားဖောင်လုပ်ငန်းက တရားမဝင်တာ ပိုများတော့ ပြဿနာက အဲ့မှာ ပိုဆိုးတာပဲ၊ လုပ်သားတွေအတွက် ဘာအာမခံချက်မရှိတော့ဘူး၊ ပင်လယ်ပြင်စိုးမိုးရေးကတာဝန်ရှိသူတွေ အလေးထားကြပ်မတ် စေချင်တာပါပဲ၊ ” ဟု ရေလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။
မွန်ပြည်နယ်အတွင်း တရားဝင် ကမ်းနီးကျားဖောင် ၂၀၀ နီးပါးနှင့် ကမ်းဝေး ၁၀၀၀ ကျော်ခန့်ရှိပြီး တရားမဝင် ကျားဖောင်အရေအတွက်မှာ ၁၀၀၀ ကျော်ခန့်ရှိကြောင်း စုံစမ်းသိရှိရသည်။
Photo- ပင်လယ်ထွက်ရန်ပြင်ဆင်နေသော ကျားဖောင်နှင့် လုပ်သားများ