ကောင်းဝါ- ၂ ဇူလိုင် ၂၀၂၃။
ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေတက္ကသိုလ်အနီး ဒုဥက္ကဋ္ဌ၊ တပ်ရင်းမှူးနှင့် တပ်သားတစ်ဦး စုစုပေါင်း (၃) ဦးတို့ကို ယမန်နေ့တွင် ULA/AA မှ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဥက္ကဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ(ALP) က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်၍ စွပ်စွဲလိုက်သည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ မိုခါမုန်တိုင်းကယ်ဆယ်ရေးကိစ္စများအတွက် ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းရုံး၌ အစည်းအဝေးပြုလုပ်ပြီးနောက် ကားဖြင့်ပြန်လာစဉ်တွင် ALP ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ်(၁ဝ၁) တပ်ရင်းမှ တပ်ရင်းမှူးခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ (၃)ဦးသည် ဇူလိုင် (၁) ရက် မွန်းလွဲပိုင်းတွင် စစ်တွေမြို့၊ စစ်တွေတက္ကသိုလ်ကျောင်းအနီး၌ လုပ်ကြံချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ခြင်းခံရကြောင်း ထုတ်ပြန်ထားသည်။
သို့ရာတွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီနှင်တွေ့ဆုံဆွေးနွေးပြီး နေပြည်တော်မှပြန်လာသော ဒေါ်စောမြရာဇာလင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အနေဖြင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)အဖြစ် အသွင်ပြောင်းရန် အစည်းအဝေးပြုလုပ်ခဲ့အပြီး ယင်းကဲ့သို့ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ရခိုင်နိုင်ငံရေးသမားအချို့ကြား ယူဆပြောဆိုမှုများ ရှိနေသည်။
ဒေါ်စောမြရာဇာလင်းရုံးမှ ကားတစ်စီးဖြင့်ပြန်လာသူ ၆ ဦးစလုံး သေနတ်ပစ်ခံရပြီး ၃ ဦးပွဲချင်းပြီးသေဆုံး၍ ကျန် ၃ ဦးမှာ သေနတ်ဒဏ်ရာဖြင့် လွတ်မြောက်သွားသည်ဟု သိရသည်။
ရခိုင်ပြည်နယ် ရခိုင်လူမျိုးများအကျိုးအတွက် လက်နက်ကိုင်ခဲ့ကြသော အဖွဲ့အစည်းများအချင်းချင်းကြား၌ ULA/AA ၏ ယခုကဲ့သို့ အပြုအမူမျိုးသည် အလွန်ယုတ်ညံ့သည့် မလုပ်သင့်မလုပ်အပ်သောအပြုအမူဖြစ်ကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း ALP ဘက်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှာလည်း စစ်တွေမြို့ ဝေသာလီကွင်း လွတ်လပ်ရေးအခမ်းအနားမှ မော်တော်ကားဖြင့်ပြန်လာသည့် ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ အပါအဝင် တပ်မှူး(၃)ဦး ပစ်ခတ်သတ်ဖြတ်ခံရပြီး သေဆုံးခဲ့ရသည်။
လက်ရှိတွင် ဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော ALP ပါတီ၊ ဒေါ်စောမြရာဇာလင်း ဥက္ကဌအဖြစ်ဆောင်ရွက်နေသည့် ALP ပါတီနှင့် ဥက္ကဌ ခိုင်ရဲခိုင်၏ ALP ပါတီ ၃ ဖွဲ့ ကွဲနေကြောင်း တွေ့ရှိရသည်။