ပြီးခဲ့သည့် အောက်တိုဘာ (၅) ရက်နေ့က မွန်ပြည်သစ်ပါတီ တပ်ရင်း (၅) မှ NMSP(AD) ထံ သွားရောက်ပူးပေါင်းသူများအား မွန်ပြည်သစ်ပါတီဗဟိုက ကြေညာချက်ထုတ်၍ ပြန်ခေါ်လိုက်ကြောင်း တွေ့ရသည်။
“ကြေညာချက်ရယ်လို့မဟုတ်ဘူး၊ တပ်မှူး တပ်သားတွေ ပါတီဝင်တွေ ပါတီကိုပြန်လာဖို့ ဖိတ်ခေါ်တဲ့စာပါ” ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက မှတ်ချက်ပေးခဲ့သည်။
ပါတီဗဟို၏ အမိန့်ညွှန်ကြားချက်နှင့် သစ္စာအဓိဌာန် (၅) ရပ်အပေါ် ခိုင်မာစွာရပ်တည်ပြီး မိခင်မွန်ပြည်သစ်ပါတီသို့ ပြန်လာရန် ပါတီဝင်နှင့် တပ်မှူးတပ်သားများအား တိုက်တွန်းလိုက်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်က ယနေ့ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။
တပ်ရင်း (၅) မှ တပ်မှူးတပ်သားများ ဆွေးနွေးကြပြီး NMSP (AD) ထံသွားရောက်ပူးပေါင်းလိုက်ကြောင်း ၅-၁၀-၂၀၂၄ ရက်စွဲဖြင့် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်နှင့် ဗဟိုစစ်ဌာနချုပ်ရုံးသို့ ကြေးနန်းပေးပို့ခဲ့သည်မှာ မှန်ကန်သောလုပ်ရပ်မဟုတ်သည်ကို မြင်တွေ့ရကြောင်း။
အဆိုပါကိစ္စရပ်အပေါ် မွန်ပြည်သစ်ပါတီဗဟိုအနေဖြင့် အောက်ပါအတိုင်း ရှင်းလင်း၍ တိုက်တွန်းလိုက်ပါသည်ဟု ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁၇) ရက် ယနေ့ရက်စွဲပါ မွန်ဘာသာဖြင့် ၄င်းကြေညာချက်တွင် ဖော်ပြသည်။
၁။ တပ်ရင်း(၅) နှင့် ဘုရားသုံးဆူဒေသတစ်ခုလုံးအနေဖြင့် NMSP (AD) ထံ သွားရောက်ပူးပေါင်းရန် မွန်ပြည်သစ်ပါတီဗဟိုနှင့် NMSP (AD) တို့အကြား တစုံတရာဆွေးနွေးသဘောတူညီခဲ့ခြင်း လုံးဝမရှိပါကြောင်း။
၂။ ပါတီဝင်များ၊ တပ်ဖွဲ့ဝင်များ အထက်မှအောက်အဆင့်ထိ မည်သည့်ပုဂ္ဂိုလ်မဆို မိမိသဘောဆန္ဒအလျှောက် နုတ်ထွက်ခွင့်တောင်းဆိုနိုင်သလို ခွင့်ပြုပြီးက မိမိသွားလိုသည့်နေရာကို သွားရောက်နိုင်ပါကြောင်း။
၃။ ပါတီဝင်နှင့် တပ်မှူးတပ်သားအပေါင်းတို့- ဗဟို၏အမိန့်ညွှန်ကြားချက်ကို ခံယူပြီး ပါတီသစ္စာအဓိဌာန် (၅) ရပ်အပေါ် ခိုင်မာစွာရပ်တည်လျက် မိခင်ပါတီသို့ အားလုံးပြန်လာကြပါရန် တိုက်တွန်းအသိပေးအပ်ပါကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားသည်။
Photo- NMSP ထုတ်ပြန်ချက်။