တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA (၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ရာ မွန်ပြည်သစ်ပါတီ NMSP မှ ကိုယ်စားလှယ်အဆင့်လျှော့ချပြီး တက်ရောက်လာခဲ့ကြောင်း တွေ့ရှိရသည်။
စစ်ကောင်စီနှင့် ပြီးခဲ့သည့် NCA အကောင်အထည်ဖော်ဆောင်မှုလုပ်ငန်းများတွင် တစိုက်မတ်မတ် ပါဝင်လာခဲ့သော မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ဝင် ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်အောင်မငေးအစား မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ပြည်တွင်းစီးပွားရေးဌာနတာဝန်ခံ နိုင်ဗညားမွန် ဦးဆောင်ခဲ့ပြီး ဗဟိုကော်မတီဝင် မွန်အမျိုးသမီးရေးရာဌာနတာဝန်ခံ မိပကောင်းမလေက ဒုခေါင်းဆောင်အဖြစ် တက်ရောက်လာကြောင်း တွေ့ရှိသည်။
ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင်ပံ့ပိုးကူညီပေးခဲ့ကြသူများအနေဖြင့် မွန်ညီညွတ်ရေးပါတီ MUP ဒုဥက္ကဌ(၁) နိုင်တလညီလည်း အခမ်းအနားသို့ တက်ရောက်လာခဲ့သည်။
အလားတူ NCA လက်မှတ်ရေးထိုးထားသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။
အခမ်းအနားသို့ စစ်ကောင်စီကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခြင်းမရှိသော်လည်း ၄င်း၏ ဗီဒီယိုမိန့်ခွန်းကို အခမ်းအနား၌ ဖွင့်ပြသွားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးက “”လက်နက်ကိုင် အကြမ်းဖက်နည်းနဲ့ မိမိတို့ လိုလားချက်တွေကို တောင်းဆိုလို့မရဘဲ နိုင်ငံရေး စကားဝိုင်းကို ရောက်ရှိလာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စွာ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ကျနော့် အနေနဲ့ လက်နက်ကိုင် အကြမ်းဖက် တောင်းဆိုမှုတွေ အပေါ်မှာ လိုက်လျော ဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်”ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပကတိအခြေအနေနှင့် ကင်းကွာနေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို စွန့်လွှတ်ရန် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုဖြစ်ပေါ်လာကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် NCA လက်မခံလိုသူများက မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) ဖွဲ့စည်းကာ လက်ရှိစစ်ကောင်စီအား တိုက်ခိုက်သည့် မွန်လက်နက်တော်လှန်ရေးအဖွဲ့အစည်းတခု ထပ်မံပေါ်ပေါက်လာကြောင်း တွေ့ရသည်။
လက်ရှိအခြေအနေတွင် NCA စာချုပ်သည် နာမည်သာကျန်ရှိနေပြီး အသက်မဝင်တော့သည့်အတွက် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအနေဖြင့် မွန်ပြည်သစ်ပါတီအား PPST မှ နုတ်ထွက်စေခဲ့ပြီး တဖက်မှာလည်း သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်က ချုပ်ဆိုခဲ့သည့် ပြည်ထောင်စုသဘောတူညီချက် Bilateral Agreement အတိုင်း လက်ရှိ နစကစစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး ဆက်လက်ပြုလုပ်ထားရန် ဆုံးဖြတ်ခဲ့သည်ကို ၂၀၂၃ ခုနှစ်က စစ်ကောင်စီအား အသိပေးထားကြောင်း သိရသည်။
Photo-NCA ချုပ်ဆိုခြင်း (၉) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား။