စစ်ကောင်စီ ရေကြောင်းလုံခြုံရေးတပ်ဖွဲ့က ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်၌ ပင်လယ်ပြင်လေ့ကျင့်ခန်းအား လာမည့်အောက်တိုဘာ (၂၀) ရက်မှ (၂၄)ရက်အထိပြုလုပ်မည်ဖြစ်ကြောင်း ဆိုသည်။
စစ်ကောင်စီတယ်လီဂရမ်မှ “လေ့ကျင့်ခန်း ဆောင်ရွက်မယ့် နေရာဟာ မြေပုံမှာဖော်ပြထားချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြိုကနေ ၈၆ မိုင်အကွာ ကမ်းလွန် ပင်လယ်ပြင်မှာ ဆောင်ရွက်မှာဖြစ်တယ်လို သိရပါတယ်။ လေ့ကျင့်ခန်းမှာ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့် ခန်းတွေနဲ့ လက်တွေ့ပစ်ခတ်တာတွေလည်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်” ဟု သတင်း ဖြန့်ထားသည်။
အဆိုပါ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်း ဆောင်ရွက်နေစဥ်အတွင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း ရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများ ဆောင်ရွက်မည်ဖြစ်ရာ Coordinates အမှတ်များ ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ယင်းသို့ လေ့ကျင့်ခန်း ဆောင်ရွက်နေစဥ် ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် လေ့ကျင့်ခန်း ဧရိယာ ၅ မိုင် ပတ်လည်အတွင်း သင်္ဘောများ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရန်၊ လေယာဉ်၊ ရဟတ်ယာဉ်များအနေဖြင့် အမြင့်ပေ တစ်သောင်းငါးထောင်အောက် ဖြတ်ကျော်ပျံသန်းခြင်းများ မပြုလုပ်ကြရန် အသိပေးကြေညာထားသည်။
Photo- ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်း ပြုလုပ်မည့်မြေပုံ။