ရေးမြို့နယ် နှစ်ကရင်ကျေးရွာအတွင်း ယမန်နေ့ ညပိုင်းက စစ်ကောင်စီအမြှောက်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ည ၉ နာရီ ၄၀ မိနစ်တွင်တစ်ကြိမ် နောက်နှစ်မိနစ်အကြာ၌ ဒုတိယအကြိမ် နှစ်ကရင်ကျေးရွာ ရပ်ကွက် (၅) အပိုင်းအတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“လက်နက်ကြီးတစ်လုံးက အမှတ် (၂) မူ/လွန် ကျောင်းက အားကစားကွင်းအလယ်တည့်တည့်ကိုကျတယ်။ ကျောင်းဆောင်အဆောက်အအုံတွေ လူတွေမထိဘူး ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
နောက်ထပ်လက်နက်ကြီးတစ်လုံးမှာ ရပ်ကွက် (၅) အတွင်းရှိ လူမနေသော နေအိမ်၏ အနောက်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ အိမ်နောက်ဖေး ပြိုကျပျက်စီးခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။
နှစ်ကရင်ကျေးရွာမြောက်ပိုင်းရှိ တရုတ်သင်္ချိုင်းအနီးတွင် KNU, PDF တပ်ဖွဲ့များ ရောက်ရှိလာကြောင်း သတင်းရရှိသဖြင့် မော့ကနင်ရွာသစ်အခြေစိုက် အမတ ၃၁၇ မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ယူဆရကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
နှစ်ကရင်ကျေးရွာသည် မွန်ပြည်သစ်ပါတီ NMSP လှုပ်ရှားရာနယ်မြေဖြစ်သော်လည်း KNU, PDF တပ်ဖွဲ့များ လှုပ်ရှားဝင်ရောက်လာသောကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လအစပိုင်းက စစ်ရဟတ်ယာဥ်ဖြင့် ကျေးရွာအနီးတဝိုက်သို့ ဗုံးကြဲခြင်းအပြင် အမတ ၃၁၇ စစ်ကောင်စီအမြှောက်တပ်မှ ပစ်ခတ်သဖြင့် အမျိုးသမီးသမီး ၄ ဦး လက်နက်ကြီးထိမှန်သေဆုံး၍ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။
Photo- လက်နက်ကြီးကျရောက်ပေါက်ကွဲထိခိုက်မှုများ။