ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ သုံးခွကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စစ်ဆေးရေးဂိတ်ထံ လမ်းမှားဝင်လာသည့် စစ်ဗိုလ်လင်မယားနှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၂) ရက်နေ့ မနက် (၉) နာရီအချိန်ခန့်က သိမ်ဇရပ်မြို့အခြေစိုက် အမှတ် (၃၁၀) အမြောက်တပ်မှ စစ်ဗိုလ်လင်မယားနှစ်ဦးမှာ အိမ်စီးကားဖြင့် သုံးခွကျေးရွာအနီးရှိ PDF စစ်ဆေးရေးဂိတ်သို့ရောက်ရှိလာသည့်အတွက်ကြောင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစု တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“PDF ဂိတ်ကို စစ်ကောင်စီတပ်က လုံခြုံရေးဂိတ်ထင်ပြီးတော့ အမြောက်တပ် သွားရမယ့်လမ်းကို လာမေးတာ။ ဂိတ်မှာရှိနေတဲ့ ရဲဘော်တွေက တစ်ခါတည်း ဖမ်းဆီးထားလိုက်တာလို့ သိရပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ဖမ်းဆီးရမိခဲ့သည့် စစ်ဗိုလ်လင်မယားနှစ်ဦးမှာ အမှတ် (၃၁၀) အမြောက်တပ်မှ ဗိုလ်ဟိန်းဇေယျာဦး နှင့် ၎င်း၏ဇနီးဖြစ်သူတို့ဖြစ်ကြောင်း နှင့် ၎င်းတို့မှာ သိမ်ဇရပ်အခြေစိုက် အမြောက်တပ်ထံသို့ ပြောင်းလာရွေ့လာခဲ့သည်မှာ မကြာသေးဟု ၎င်းကဆိုသည်။
ထို့အပြင် ၎င်းစစ်ဗိုလ်လင်မယားထံမှ အူဇီသေနတ်တစ်လက်၊ ကျည်ဘောက်စ်နှစ်ဦး နှင့် အိမ်စီးကားတစ်စီးကိုပါ သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ၎င်းတို့နှစ်ဦးအား ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) သထုံခရိုင်ထံသို့ လွှဲပြောင်းပေးအပ်သွားဖြစ်ကြောင်း သိရသည်။
Photo Credit စစ်ဗိုလ်လင်မယား – PDF