ကောင်းဝါ- ၂ ဇူလိုင် ၂၀၂၃။
ပြီးခဲ့သည့်တစ်နှစ်ကျော်ကာလအတွင်း တရုတ်စီမံကိန်းများအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှု ထက်ဝက်ကျော် လျော့ကျသွားကြောင်း ဇွန်လ ၃၀ ရက်နေ့က ချင်းမိုင်အခြေစိုက် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar က ထုတ်ပြန်လိုက်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ မတ်လကုန်အထိ ပထမ (၁၄)လတာ ကာလတွင် တိုက်ပွဲ ၁၄၈၆ ကြိမ် ဖြစ်ပွားခဲ့သော်လည်း ၂၀၂၂ ဧပြီလမှ ၂၀၂၃ မေလကုန်အထိ ဒုတိယ (၁၄) လကာလအတွင်း တိုက်ပွဲ ၇၆၂ ကြိမ်ဖြစ်ပွားခဲ့သည့်အချက်အလက်ကို အခြေခံပြီး တရုတ်စီမံကိန်းများအနီးတဝိုက် တိုက်ပွဲဖြစ်ပွားမှု ထက်ဝက်ကျော် လျော့ကျသွားသည်ဟု ဆိုသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဥ်ထားသောနေရာများနှင့် အခြားသောတရုတ်စီမံကိန်းများ အကောင်အထည်ဖော်နေသည့် ပြည်နယ်နှင့်တိုင်း ၁၂ ခုက ၆၁ မြို့နယ်တွင် တိုက်ပွဲ ၂,၂၄၈ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံး တိုက်ပွဲစုစုပေါင်း၏ ၂၃ ရာခိုင်နှုန်းကျော်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
တရုတ်-လာအို-ထိုင်း-မြန်မာ (၄) နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖြတ်သန်းရာ ကရင်ပြည်နယ်တွင် ၁,၀၉၆ ကြိမ်ထက်မနည်း အကြိမ်အရေအတွက် အများဆုံး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများ၏ ဆုံချက်ဖြစ်သည့် ရှမ်းပြည်နယ်အတွင်း ပထမ ၁၄ လတာအတွင်း တိုက်ပွဲပေါင်း ၁၅၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သော်လည်း ဒုတိယ ၁၄ လတာအတွင်း တိုက်ပွဲပေါင်း ၇၇ ကြိမ်မျှသာ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီ အာဏာသိမ်းထားသည့် ၂ နှစ်ကျော်ကာလအတွင်း တစ်နိုင်ငံလုံးအနှံ့ တိုက်ပွဲပေါင်း ၉၅၀၀ ကျော်ဖြစ်ပွားခဲ့သည့်အနက် တရုတ်စီမံကိန်းများရှိသော မြို့နယ် ၆၁ မြို့နယ်တွင် တိုက်ပွဲ ၂၂၄၈ ကြိမ်ထက်မနည်းသာ ဖြစ်ပေါ်ခဲ့ကြောင်း ISP-Myanmar က လေ့လာတွေ့ရှိထားသည်။