နှစ်ဖက်အစိုးရတို့၏ လက်တွေ့မကျသည့် စည်းမျဉ်းများဖန်တီးထားမှုကြောင့် ထိုင်းနိုင်ငံမှာ ယာယီနိုင်ငံကူးလက်မှတ်၊ စီအိုင် စာရွက်စာတမ်း ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းကျော်တို့ သက်တမ်းတိုးရန် ကြီးမားသော အခက်အခဲများကို ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း နိုင်ငံဖြတ်ကျော် လူဦးရေအဖွဲ့အစည်းများကွန်ရက် (Migrant Working Group – MWG) ညှိနှိုင်းရေးမှူး မစ္စတာ အဒီဆွန်ကွတ်မုန်ခွန်က ပြောသည်။
နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများ ပတ်စပို့သက်တမ်းတိုးရန်အတွက် ၄င်းတို့၏ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို အိမ်ပြန်ပို့ရန်၊ အခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားရန် မြန်မာနိုင်ငံအစိုးရက ညွှန်ကြားထားသည်။
၄င်းက “တကယ်လို့ သက်တမ်းကုန် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို နယ်စပ်စေလွှတ်ပြီး သက်တမ်းတိုးခိုင်းတာ၊ နိုင်ငံကို ပြန်ပို့တာဟာ လက်တွေ့မှာ အလွန်ခက်ခဲသလို အလွန်စိုးရိမ်ရပါတယ်။ အလုပ်သမားအများစုဟာ စစ်မှုထမ်းရမယ့် အရွယ်လည်းဖြစ်နေသလို သူတို့နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်မှုထမ်းခြင်းဆိုင်ရာ ပြဿနာတွေရှိနေတာကြောင့် ပြန်သွားရမယ့် အလုပ်သမားတွေအတွက် သိပ်ကိုစိုးရိမ်ရတဲ့ အခြေအနေပါ” ဟု ပြောသည်။
တရားဝင်မဟုတ်သော မြန်မာရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ခြင်းကိစ္စနှင့် ပတ်သက်ပြီး ထိုင်းအစိုးရ၏ စက်တင်ဘာလ ၂၄ ရက် ဆုံးဖြတ်ချက်ကြောင့် လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပတ်စပို့သက်တမ်းကုန်ဆုံးတော့မည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းကျော်အတွက် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ စိစစ်ခြင်း၊ အတည်ပြုခြင်းတို့ကို အချိန်မီပြီးမြောက်ရန် ခက်ခဲကြောင်း သိရသည်။
ဆက်လက်၍ ၄င်းက “လေးလအတွင်း လုပ်ဆောင်ချက် မပြီးရင် အလုပ်သမားတွေဟာ ချက်ချင်း တရားဥပဒေချိုးဖောက်သူတွေ ဖြစ်လာနိုင်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုရင် အလုပ်သမား အများစုဟာ တရား၀င်စနစ်ထဲကနေ ပြုတ်ထွက်သွားပြီး တရားမဝင် အလုပ်သမားတွေ ဖြစ်လာမှာကို စိုးရိမ်နေပါတယ်၊ လက်ရှိမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်အပါအဝင် ပန်းရောင်ကတ် ပြုလုပ်ဖို့ လိုအပ်သူ ရှစ်သိန်း ခန့် ရှိတဲ့အနက် လေးသိန်းခန့်သာ ဆောင်ရွက်နိုင်ပြီး ကျန်လေးသိန်းဟာ အချိန်တိုအတွင်း လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ အောက်တိုဘာလ ၃၁ ရက်မှာ အပြီးသတ် ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ ခန့်မှန်းထားပြီး အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ ပူးပေါင်းမှု အားကောင်းဖို့ အရေးကြီးပါတယ်။ အလျင်အမြန် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ် “ဟု ဆိုသည်။
လက်ရှိတွင် တရားဝင်သည်ဖြစ်စေ တရားမဝင်သည်ဖြစ်စေ ထိုင်းနိုင်ငံသို့ မြန်မာရွှေ့ပြောင်း ၆ သန်းကျော် ရောက်ရှိနေပြီး အလုပ်လုပ်ကိုင်လျှက်ရှိကြောင်း ထိုင်းအစိုးရက ခန့်မှန်းထားသည်။
Source; matichon.co.th
Photo-မြန်မာရွှေ့ပြောင်းအလုပ်သမားများ