ပျောက်ဆုံးနေသည်ဆိုသော မိန်းကလေးငယ်အား အောက်တိုဘာလ (၁၀) ရက်နေ့က ထိုးသွင်းဒဏ်ရာဖြင့် အသက်သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ပေါင်မြို့နယ် ဇင်းကျိုက်မြို့ခံများထံမှ သိရသည်။
အဆိုပါ မိန်းခလေးငယ်၏ မိဘနှစ်ပါးသည် ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်နေပြီး ဇင်းကျိုက်မြို့က အဖိုးအဖွားများထံ သမီးငယ်ကို အပ်နှံထားကာ ပန်းကုန်းကျေးရွာ ရွှေဒင်္ဂါးမူလတန်းလွန်ကျောင်းတွင် Grade – 4 အတန်း၌ ပညာသင်ကြားခဲ့လေ၏။
အသက် ၁၄ နှစ်သာရှိသေးသည့် ထိုမိန်းခလေးငယ်မှာ လွန်ခဲ့သည့် (၂) လခန့်ကတည်းက ကျောင်းတက်ခြင်း မရှိတော့သလို ပြီးခဲ့သည့် အောက်တိုဘာလ (၆) ရက်နေ့ နေ့လည်ပိုင်းအချိန်က ရေတံခွန်သို့သွားမည်ဟုဆိုကာ နေအိမ်မှထွက်သွားခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသည့်အတွက်ကြောင့် အုပ်ထိန်းသူ အဖွားဖြစ်သူမှ ဇင်းကျိုက်နယ်မြေရဲစခန်းတွင် လူပျောက်မှုတိုက်ချက်ဖွင့်ထားခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“တိုင်ချက်ဖွင့်ထားတာတော့ ထားလိုက်ပါ မိန်းခလေးရဲ့ ရုပ်အလောင်းကို မနေ့ (အောက်တိုဘာလ (၁၀) ရက်) မနက်ပိုင်းက ပန်းကုန်းကျေးရွာ၊ စိတ္တသုခလမ်းအောက်ပိုင်း တောစပ် ဝါးရုံတောအနီးမှာ ပြန်လည်တွေ့ရှိခဲ့ရတာပါ။ ရုပ်အလောင်းမှာကတော့ ပုပ်ပွနေပါပြီး။ ရုပ်အလောင်းမှာ ဝမ်းဗိုက်မှာထိုးသွင်းဒဏ်ရာတစ်ချက်တွေ့ရတယ်။ နောက်ပြီး ခန္ဓာကိုယ်မှာ အဝတ်အစားတွေ ကျွတ်နေတာမျိုးတွေ့ရတယ်။ နားကပ်လည်းချွတ်ယူသွားခြင်းခံထားရတယ်” ဟု ၎င်းဒေသခံက ဆို၏။
ထိုမိန်းခလေးငယ် ရုပ်အလောင်းအား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာက လိုအပ်သည့် စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် မနေ့ ညနေပိုင်းမှာပင် ဇင်းကျိုက်သုဿာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။
ထိုမိန်းကလေးငယ်အသတ်ခံရသည့်ဖြစ်စဉ်နှင့် ဆိုင်ကယ်ဖြင့်ခေါ်ဆောင်သွားသည်ဆိုသော အသက် (၁၇) နှစ်အရွယ် လူငယ်တစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိထားပြီး၊ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“မိန်းခလေးငယ် အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သူနဲ့ချစ်သူဖြစ်နေတဲ့ အသက် ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ရဲက ခေါ်စစ်လိုက်တယ်၊ ဇင်းကျိုက်မြို့၊ ဆားဖိုစုရပ်ကွက်၊ ဘူတာလမ်းမှာနေထိုင်တာလို့ သိရတယ်၊ အခုဆိုရင် ရဲကစစ်လို့ လူသတ်မှုဖြစ်စဥ်ကို သိရပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုမိန်းခလေးငယ်တွင် ကိုယ်ဝန်ရှိလာပြီး အတည်ယူခိုင်းသည့်အတွက်ကြောင့် ကောင်လေးမှာလည်း အသင့်ပါလာသည့် ဓါးဖြင့်ထိုးသတ်ခဲ့ကြောင်း၊ အဆိုပါ ဓါးနှင့် မိန်းခလေးငယ် ဝတ်ဆင်ခဲ့သည့်၏ ထဘီတို့အား ဆိုင်ကယ်ဘောက်စ်အတွင်းထည့်ကာ အမှိုက်ပုံတစ်ခုတွင် စွန့်ပစ်ခဲ့ကြောင်း၊ မိန်းခလေးငယ်၏နားတွင် ပန်ထားသည့် နားကပ်ကိုလည်း ဖြုတ်ယူခဲ့ကြောင်း ရဲကို သက်သေနှင့်တကွ ထွက်ဆိုချက်ပေးထားသည်ဟု ၎င်းကဆိုသည်။
ထိုဖြစ်စဉ်အား ဇင်းကျိုက်နယ်မြေရဲစခန်းတွင် (ပ) ၇၁/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၀၂၊ အမှုကြီးအမှတ်စဉ် (၅/၂၀၂၄) ဖြင့် အမှုဖွင့်အရေးယူထားသည်။
မိဘများက ထိုင်းမှာအလုပ်လုပ်နေပြီး ရွာမှာအဖိုးအဖွားနှင့်နေထိုင်သူ မိန်းခလေးငယ်တစ်ဦး၏ ရင်နစ်ဖွယ် ဤကဲ့သို့ ဇာတ်လမ်းမျိုးအား နောင်တွင်မကြုံတွေ့စေလို။
ဓါတ်ပုံ-မိန်းခလေးငယ်အလောင်းအား မီးသင်္ဂြိုဟ်စဥ်။