မွန်ညီညွတ်ရေးပါတီ MUP ဥက္ကဌဟောင်း နိုင်တင်အောင်ကွယ်လွန်ခြင်း (၃) နှစ်ပြည့်ဂါရဝပြုအခမ်းအနားကို သံဖြူဇရပ်မြို့နယ် ပငကျေးရွာရှိ ၄င်း၏အုတ်ဂူထားရှိရာ ကြက်တိန်ညင်စေတီကုန်း၌ အောက်တိုဘာ (၁၀) ရက်နေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
သံဖြူဇရပ်မြို့နယ် MUP ပါတီက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အထင်ကရ မွန်ဆရာတော်ကြီးများ၊ MUP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ၊ ပါတီဝင်များ၊ မွန်ပြည်သစ်ပါတီ NMSP မှ ခေါင်းဆောင်အချို့၊ မွန်စာပေယဥ်ကျေးမှုကော်မတီအဖွဲ့များနှင့် ကျန်ရစ်သူ မိသားစုဝင်များ တက်ရောက်ဂါဝရပြုခဲ့ကြောင်း တွေ့ရသည်။
အခမ်းအနားတွင် သံဃာတော်များအား ဆွမ်းကျွေး၍ အလှူဒါနကပ်လှူကာ အမျှပေးဝေခြင်း၊ နိုင်တင်အောင်အား ဂါရဝပြုခြင်းအစီအစဥ်တွင် ကော့ပလိုင်ဆရာတော် ဘဒ္ဒန္တ ကေတုမာလာ၊ MUP ဥက္ကဌ နိုင်လဝီအောင်နှင့် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်အောင်မငေးတို့က ဂုဏ်ပြုစကားအသီးသီး ပြောကြားခဲ့ပြီး မွန်အဆိုတော်များ၏ ဂုဏ်ပြုတေးသီချင်းအစီအစဥ်ဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
နိုင်တင်အောင် မကွယ်လွန်မီက နောက်ဆုံးပြောကြားသော မိန့်ခွန်းတစ်ခုတွင် “မိမိတို့ဖြတ်သန်းလာခဲ့ရသော အတွေ့အကြုံအရ ၂၀၂၁ အာဏာသိမ်းမှုတွင် ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်း ကို လျှောက်လှမ်းမည်ဆိုပါက အသက်သွေးချောင်းစီးမည့် စီးလာမည့်ဖြစ်ရပ်များရှိလာနိုင်သောကြောင့် MUP သည် စစ်ကောင်စီအဖွဲ့တွင် ပါဝင်ခြင်းအားဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ခဲ့ရသည်” ဟု ဆိုခဲ့သည်။
အသက် (၈၅) နှစ်ပြည့်လာသော နိုင်တင်အောင် (ခေါ်) တလနွန်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၀ ရက် ည ၁၀ ရက်နေ့ အချိန်ခန့်တွင် ပငကျေးရွာနေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။
Photo- နိုင်တင်အောင် ကွယ်လွန်ခြင်း (၃) နှစ်ပြည့်ဂါရဝပြုအခမ်းအနား (UC Media Group)