မွန်လူငယ်များအနေဖြင့် လက်ရှိရှုပ်ထွေးနေသည့် နိုင်ငံရေးအခြေအနေမှာ လိမ္မာပါးနပ်စွာ ဆောင်ရွက်သွားနိုင်ဖို့ လိုအပ်ကြောင်း မော်လမြိုင်မြို့တွင်ကျင်းပသော တတိယအကြိမ် မွန်လူငယ်ဖိုရမ် MYF ညီလာခံတွင် မွန်ညီညွတ်ရေးပါတီ MUP ဒုဥက္ကဌ(၂) နိုင်ချမ်းတွဲ့က မိန့်ခွန်းပြောကြားသည်။
နိုင်ချမ်းတွဲ့က“လက်ရှိရှုပ်ထွေးနေတဲ့ နိုင်ငံရေးအခြေအနေမှာ အခြေအနေအချိန်အခါကိုကြည့်ပြီး ကိုယ့်ရဲ့လမ်းကြောင်းအတိုင်း လိမ္မာပါးနပ်စွာ ဆောင်ရွက်သွားနိုင်ဖို့ လိုအပ်ကြောင်း၊ ယခု လူငယ်ညီလာခံရဲ့ လုပ်ငန်းဆောင်တာတွေ ရည်မှန်းချက်အတိုင်း ပေါက်မြောက်အောင်မြင် အောင်ကြိုးစား ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါကြောင်း”ဟု ညီလာခံ၏ သဘာပတိမိန့်ခွန်းတွင် ပြောကြားခဲ့သည်။
တတိယအကြိမ်မြောက် မွန်လူငယ်ဖိုရမ် Mon Youth Forum-MYF ညီလာခံကို မော်လမြိုင်မြို့ ရာမညဟိုတယ်၌ အောက်တိုဘာ (၈-၉) ရက်က ကျင်းပခဲ့ရာ မွန်ပြည်သစ်ပါတီ NMSP, မွန်ညီညွတ်ရေးပါတီ MUP ခေါင်ဆောင်အချို့နှင့် မြို့နယ်အသီးသီးမှ မွန်လူငယ်ခေါင်းဆောင်များ (၇၀) ကျော် တက်ရောက်ကြောင်း သိရသည်။
၄င်းက “မွန်ညီညွတ်ရေးပါတီအနေနဲ့ ပြည်တွင်းနိုင်ငံရေးအခင်းအကျင်းမှာ အမျိုးသားကိုယ်စားပြုနိုင်ငံရေးပါတီ တစ်ရပ်ရှိပြီး နိုင်ငံရေးမျက်နှာစာတစ်ခုဖွင့်ထားဖို့ လိုအပ်တယ်လို့ ယုံကြည်တဲ့အတွက် အခက်အခဲကြားမှာ ဖွဲ့စည်း ရပ်တည်နေကြောင်း၊ လုပ်နည်းလုပ်ဟန်၊ လမ်းကြောင်း မတူညီကြသော်လည်း ရည်မှန်းချက် ပန်းတိုင်တူသူတွေအနေနဲ့က အချင်းချင်း နားလည်မှုရှိရှိနဲ့ဆောင်ရွက်သွားရမှာဖြစ်ကြာင်း၊ မိမိအနေဖြင့် မွန်လူငယ်ရေးရာ လုပ်ငန်းဆောင်တာနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်တုန်းက ကိုယ်တိုင်ကိုယ်ကျပါဝင်ပံ့ပိုးခဲ့ပြီးတော့ အဲဒီနောက်ပိုင်းမှာ ကင်းကွာခဲ့တာ ယနေ့အထိဖြစ်ကြောင်း၊” ဆက်လက်ပြောကြားသည်။
တစ်ချိန်က မွန်လူငယ်လှုပ်ရှားမှုများသည် ယခုကဲ့သို့ မလွယ်ကူခဲ့ကြောင်း၊ ခေတ်သစ်ကာလတွင် မွန်လူငယ်ဖွဲ့စည်း ဆောင်ရွက်မှုအနေဖြင့် နယ်စပ်ကိုအခြေပြုပြီး ဖွဲ့စည်းခဲ့သည့် တိုးတက်သောမွန်လူငယ်အဖွဲ့ MYPO၊ ပြည်တွင်းမှ ဒေသလုံးဆိုင်ရာမွန်လူငယ်အဖွဲ့ ဖွဲ့စည်းရေးကော်မတီ LAMYO စသည့်အဖွဲ့များတို့ဖြင့် အတွင်းအပြင်ချိတ်ဆက်လုပ် ဆောင်ခဲ့ကြောင်း၊ နောက်ပိုင်းမှာ MYF ပေါ်ထွက်လာပြီး စုစည်း ဆောင်ရွက်မှုပိုပြီး တိုးတက်ကောင်းမွန်လာကြောင်း၊ မည်သို့ပင်ဖြစ်စေ အဖွဲ့အစည်းအနေဖြင့် ဖွဲ့စည်းဆောင်ရွက်မှုလုပ်တိုင်း ရည်ရွယ်ချက်ရည်မှန်းချက် တွေရှိပြီး ဒီရည်မှန်းချက်တွေရောက်အောင် အားထုတ်ရမှာ ဖြစ်ကြောင်း၊ မွန်လူငယ်ဖိုရမ်သည် အဖွဲ့အစည်းတစ်ခုအသွင်ထက် ကွန်ရက်တစ်ခု ဆုံရပ်တစ်ခုသဘောမျိုးဖြစ်တာကြောင့် အမြင်မတူမှု၊ မတူကွဲပြားမှုများဖြင့် ပေါင်းစည်းလုပ် ဆောင်ရမှာဖြစ်ကြောင်း၊ စိတ်ရှည်သည်းခံပြီး လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ လူငယ်များ ပါဝင်မှုပိုမိုကျယ်ပြန့်လာအောင်၊ လူငယ်များ ဗလ ၅ တန်ဖွံ့ဖြိုးလာအောင် လုပ်ဆောင်သွားရင်း အမျိုးသားရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင်၊ အနာဂတ်အမျိုးသား ရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တာဝန်ယူလာနိုင်အောင် ကြိုးစားအားထုတ်စေလိုကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
ညီလာခံတွင် မွန်လူငယ်မူဝါဒများကို ပြန်လည်သုံးသပ်ခဲ့ပြီး မွန်လူငယ်ဖိုရမ်အထွေထွေအတွင်းရေးမှူးကို အမျိုးသမီးတစ်ဦး၊ တွဲဖက်အတွင်းရေးမှူးတွင် အမျိုးသမီးတစ်ဦး အမျိုးသားတစ်ဦး၊ လူငယ်ဦးစီးကော်မတီအဖွဲ့တွင် မွန်ပြည်သစ်ပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့မှ မြို့နယ်လူငယ်ခေါင်းဆောင်များကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
ပထမအကြိမ် MYF ညီလာခံကို ၂၀၁၄ ခုနှစ်က မော်လမြိုင်မြို့ မွန်သာသနာ့ဗိမ္မာန်တွင်လည်းကောင်း၊ ဒုတိယအကြိမ် MYF ညီလာခံကို ၂၀၂၂ ခုနှစ်က မွန်ပြည်သစ်ပါတီ သထုံခရိုင်၌လည်းကောင်း ကျင်းပခဲ့သည်။
လွတ်လပ်ရေးအကြိုကာလတွင် ရန်ကုန်မြို့ရှိ အစိုးရဝန်ထမ်းလူငယ်များက မွန်လူငယ်အဖွဲ့ ဖွဲ့စည်းခဲ့ပြီး ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မော်လမြိုင်မြို့၌ ညီလာခံတရပ် ကျင်းပနိုင်ခဲ့သည့်နေ့ကို အစွဲပြု၍ မွန်လူငယ်နေ့ဟု သတ်မှတ်ခဲ့ကြောင်း၊ ထိုအချိန်မှစတင်၍ မွန်လူငယ်ခေါင်းဆောင်များအဆက်ဆက်တို့သည် မွန်အမျိုးသားလွတ်မြောက်အတွက် တော်လှန်ရေးကို ဦးဆောင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ဖော်ပြသည်။
Photo- တတိယအကြိမ် မွန်လူငယ်ဖိုရမ် MYF တွင် နိုင်ချမ်းတွဲ့ မိန့်ခွန်းပြောကြားစဥ်။ (Komin Min Facebook)