မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ထံ အဖွဲ့အစည်းနာမည်တပ်မထားသော ကျည်တစ်တောင့်နှင့် ပစ်စာခြိမ်းခြောက် ပေးပို့ခဲ့ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ကျည်ဆံတစ်တောင့်နှင့် ဦးသန်းထိုက် ထံလိပ်မူထားသည့် သူငယ်တန်းကျောင်းသားလက်ရေးဖြင့် စာတစ်စောင်တွေ့ရှိခဲ့ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“စာကို ဘယ်အဖွဲ့က ပစ်ပေးသွားလဲတော့မသိရသေးဘူး။ ဒီနေ့ (အောက်တိုဘာလ (၁၀) ရက်) မနက်ပိုင်းမှာ အွန်လိုင်းပေါ်မှာ မောင်ငံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက် ထံကို တော်လှန်ရေးလူငယ်များအဖွဲ့က ကျည်ဆံတစ်တောင့်နဲ့ သတိပေးစာပေးသွားတာလို့ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုအခြေအနေကြောင့် ဦးသန်းထိုက်၏မိသားစုဝင်များအနေဖြင့် စိုးရိမ်ကြောက်လန့်မှုများဖြစ်ပေါ်နေသလို ဦးသန်းထိုက်အား အုပ်ချုပ်ရေးမှူးရာထူးမှ အနားယူရန် မိသားစုဝင်များမှ ပြောဆိုနေမှုများလည်းရှိကြောင်း ၎င်းကဆိုသည်။
အဆိုပါ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းထိုက်မှာ စစ်ကောင်စီကို မျက်နှာလို မျက်နှာရလုပ်လေ့ရှိသော ထောက်တိုင်တစ်ဦးဖြစ်သည့်အပြင် ရပ်ကွက်နေပြည်သူများအား စစ်မှုထမ်းရန်အတင်းဖိအားပေးခြင်း၊ ငွေညှစ်ခြင်းများလုပ်ဆောင်နေကြောင်းကို ပြည်သူများမှ တော်လှန်ရေးလူငယ်အဖွဲ့ထံ လာရောက်တာတန်းမှုများရှိနေသည့်အတွက်ကြောင့် သတိပေးခဲ့ခြင်းဖြစ်ကြောင်းကို ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ဖေါ်ပြချက်များအရ သိရသည်။
အလားတူ ပြည်သူများအပေါ် စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မလိုက်လံခေါ်ဆောင်နေသည့် မောင်ငံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အား ကြီးလေးစွာအရေးယူဆောင်ရွက်သွားမည်ဟု မော်လမြိုင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြီးခဲ့သည့် စက်တင်ဘာလ (၁၁) ရက်နေ့ကလည်း ကြေညာထားကြောင်း သိရသည်။
ယခုနှစ် မွန်ပြည်နယ်အတွင်း လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအပါအဝင် (၅၉) ဦးထက်မနည်းသေဆုံးခဲ့ပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိထားကြောင်း သိရသည်။
Photo- ကျည်တစ်တောင့်နှင့် ခြိမ်းခြောက်စာ(Copy)