မွန်ပြည်နယ်အတွင်း ဘဲဥအထွက်များဆုံးဒေသဖြစ်သည့် ရေးမြို့နယ်အတွင်း ဘဲဥဈေးကောင်းရနေသော်လည်း ကုန်ကြမ်းဈေးနှုန်းမြင့်မားနေခြင်းကြောင့် ဘဲမွေးမြူရေးလုပ်ငန်းရှင်များ တွက်ခြေမကိုက်ဖြစ်နေကြောင်း သိရသည်။
၄ နှစ်အတွင်း ဘဲဥဈေးနှုန်း ၅ ဆနီးပါးမြင့်မားလာသည်နှင့်အမျှ ဘဲစာဈေးနှုန်းမှာလည်း မြင့်မားလာသည့်အတွက် တွက်ခြေမကိုက်သည့်အပြင် ဥထွက်နှုန်းကျဆင်းချိန်တွင် အရှုံးနှင့်သာ ရင်ဆိုင်နေရသည်ဟု ဘဲမွေးမြူရေးလုပ်ငန်းရှင်များက ဆိုသည်။
“လူတွေက ဘဲဥတစ်လုံး ၅၀၀ ဖြစ်သွားတယ်လို့ပဲမြင်တယ်၊ ကုန်ကြမ်းဈေးက တော်တော်လေးမြင့်သွားတာကိုလည်း မြင်စေချင်ပါတယ်။ ဘဲမွေးမြူရေးလုပ်ငန်းက ကျားမြီးဆွဲထားရသလိုပါပဲ၊ အစာက ဈေးကောင်းရမရ နေ့တိုင်းကျွေးနေရတာ၊ ကိုဗစ်ကာလကတည်းက တောင့်ခံလာရတာ ခုကာလအထိပါပဲ၊ အကြွေးသံသရာက မလွတ်သေးဘူး ” ဟု ရေးမြို့နယ်မှ ဘဲမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရာသီဥတုပူပြင်းမှုနှင့် ဘဲအတောင်ချွတ်ချိန်ဖြစ်သဖြင့် ဥအထွက်နှုန်း ထက်ဝက်ခန့်ကျဆင်းခဲ့ရပြီး အချို့လုပ်ငန်းရှင်များ ဆက်လက်ရပ်တည်ရန် အခက်အခဲများရှိနေကြောင်း သိရသည်။
”ကုန်ကြမ်းဈေးထိန်းချုပ်နိုင်ဖို့ကလည်း အစစအရာရာက ဂျာအေးသူ့အမေရိုက်သလိုပါပဲ အကုန်တက်နေတော့တာ၊ အတိုးသက်သာတဲ့ ချေးငွေရရင်တော့ လုပ်ငန်းရှင်တွေအတွက် လည်ပတ်မှုကောင်းလာမှာဖြစ်ပေမယ့် တွက်ခြေကိုက်လောက်တဲ့ အထိတော့မဖြစ်သေးဘူး၊ မွေးကုဌာနကတော့ အားလုံးအတွက်အဆင်ပြေအောင်တော့ လုပ်ပေးစေချင်တယ်၊ ဒါမှလည်း လုပ်ငန်းရှင်ရော စားသုံးသတွေရော အဆင်ပြေကြမှာပါ ” ဟု ရေးအနောက်ပိုင်းကျေးရွာနေ ဘဲဥလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ရေးမြို့နယ်အတွင်း ဥစားဘဲမွေးမြူရေးလုပ်ငန်းကို အံဒင်၊ ဓမင်းဆိပ်၊ ကဗျာဝကျေးရွာတို့တွင် အဓိကမွေးမြူကြပြီး အထွက်နှုန်းကောင်းမွန်ချိန်တွင် တစ်နေ့လျှင် ဘဲဥလုံးရေ တစ်သိန်းနီးပါးခန့်ထွက်ရှိပြီး ရန်ကုန်၊ မော်လမြိုင်မြို့များသို့ တင််ပို့်ရောင်းချကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာမသိမ်းခင်မှာ အမေရိကန်တစ်ဒေါ်လာ ၁,၃၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာက အာဏာသိမ်းပြီး လက်ရှိသုံးနှစ်ကျော်အတွင်း ဒေါ်လာစျေးလေးဆခန့် မြင့်တက်လာခဲ့ပြီး အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်လာသောကြောင့် ပြည်တွင်းရှိ နိုင်ငံသားအားလုံးက နေ့စဥ်နှင့်အမျှ ခါးသီးစွာ ခံစားနေရဆဲဖြစ်ကြောင်း သုတေသနလေ့လာတွေ့ရှိချက်များက ဖော်ပြနေသည်။
Photo- ရေးမြို့နယ်မှ ဘဲဥမွေးမြူရေးလုပ်ငန်းခွင်တစ်နေရာ။