ကောင်းဝါ- ၀၂ ဇူလိုင် ၂၀၂၃။
အဆင့်မြင့်ရာဘာထုတ်လုပ်နိုင်ရန် စက်ကရိယာအရင်းအနှီးလိုအပ်နေသော ကရင်ပြည်နယ်မှ ရာဘာလုပ်ငန်းရှင်များကို တစ်ဦးတည်းပိုင်အတွက် ကျပ်သိန်း ၁၀၀၀ နှင့် အစုအဖွဲ့ပိုင်လုပ်ငန်းအတွက် ကျပ်သိန်း ၂၀၀၀ ချေးငွေထုတ်ပေးမည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
“ MSME ရန်ပုံငွေကနေ အာမခံပစ္စည်းအပေါ်မူတည်ပြီး မြေပြင်လုပ်ငန်းအောင်မြင်မှုအပေါ် ကွင်းဆင်းလေ့လာပြီးတော့ ချေးငွေထုတ်ပေးဖို့ရှိပါတယ်”ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်အတွင်း လက်ရှိရာဘာစိုက်ဧက ၂၇၀,၀၀၀ ကျော်ရှိပြီး ၈၀ ရာခိုင်နှုန်းကို အစေးခြစ်လျက်ရှိသည်။ မွန်ပြည်နယ်အတွင်း ရာဘာစိုက်ဧက ၅၀၀,၀၀၀ ကျော်ရှိသည်။
မြန်မာနိုင်ငံမှ ရာဘာများကို တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံများသို့ အဓိကတင်ပို့ရောင်းချလျက်ရှိရာ ပြီးခဲ့သည့်မေလအတွင်း ရော်ဘာတန်ချိန် ၁၈၀၀၀၊ အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် တင်ပို့ရောင်းချခဲ့သည်ဟု နစကထုတ်ပြန်သောသတင်းအရ သိရသည်။