သံဖြူဇရပ်မြို့နယ် အေးကမ္ဘာကျေးရွာအနီး ရေး – သံဖြူဇရပ် အမှတ် (၈) ပြည်ထောင်စုကားလမ်းမတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ အောက်တိုဘာလ (၇) ရက်နေ့ မွန်းလွဲ (၁၂) နာရီ (၃၀) မိနစ်အချိန်ခန့်က ရေးမြို့ဘက်မှ သံဖြူဇရပ်မြိုဘက်သို့ မောင်းနှင်လာသော ရွှေစင်စင်္ကြာ ခရီးသည်တင်မှန်လုံယာဉ်မှာ အေးကမ္ဘာကျေးရွာအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။
“ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ခရီးသည်ကရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ နေထိုင်တဲ့ အသက် (၃၀) နှစ်အရွယ် မနွယ်ရီလင်း လို့သိရတယ်။ ဘယ်ဘက်ပေါင်ရင်းမှာ လက်နက်ငယ်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက် ရရှိခဲ့ပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
KNU/PDF တပ်ဖွဲ့များ အဆိုပါ ရွှေစင်စင်္ကြာ ခရီးသည်တင်မှန်လုံယာဉ်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ပေါ်တွင် ဝါဒဖြန့်ရေးသားခဲ့သည်။
ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သူ မနွယ်ရီလင်း အား သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရကြောင်း နှင့် အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ၎င်းကဆိုသည်။
ထို ရွှေစင်စင်္ကြာ ခရီးတင်မှန်လုံယာဉ်မှာ ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်ဖြစ်ကြောင်း သိရသည်။
မော်လမြိုင် – မုဒုံ – သံဖြူဇရပ် – ရေး – ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းမတွင် KNU/PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့အခြား မကြာခဏတိုက်ပွဲဖြစ်ပွားခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
Photo- ပစ်ခတ်ခံရသည့်မှန်လုံယာဥ်နှင့် ကျည်ဆံထိမှန်သည့်နေရာ