ကျိုက်မရောမြို့နယ် တရနာကျေးရွာအုပ်စု ကျွန်းကုန်းကျေးရွာအတွင်း ယမန်နေ့က လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဗုံးတိုက်ခိုက်သည်ဟု စစ်ကောင်စီသတင်းဖြန့်ထားပြီး တဖက်မှာလည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုဟု အပြန်အလှန်စွပ်စွဲပြောဆိုနေကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာလ (၅) ရက်နေ့မွန်းတည့်ချိန်ခန့်က ကျွန်းကုန်းကျေးရွာအတွင်းရှိ နေအိမ်ဈေးဆိုင်အနီးသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် အသက် (၃) နှစ်အရွယ် မောင်ဟိန်းချစ်၊ အသက် (၁၁) နှစ်အရွယ် Grade – 5 ကျောင်းသူ မမိုးမြင့်စံ နှင့် အသက် (၄၀) နှစ်အရွယ် ဒေါ်မွန်လေး တို့သုံးဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မောင်ဟိန်းချစ် မှာက ဘယ်ဘက်နားထင်အောက်နားမှာဒဏ်ရာတစ်ချက်ရသွားတယ်။ မမိုးမြင့်စံ မှာက ညာဘက်ပေါင်မှာ ဗုံးစထိမှန်ဒဏ်ရာရသွားတယ်။ ဒေါ်မွန်လေး မှာက ညာဘက်ရင်အုံမှာ ဗုံးစထိမှန်ဒဏ်ရာရသွားပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကလေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဒေသခံများမှ မော်လမြိုင်မြို့ရှိပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း ၎င်းဒေသခံက ဆိုသည်။
အလားတူ ကော့ဘိန်းကျေးရွာ၊ မင်းရွာ၊ ဓမ္မသအစရှိသည့် ဂျိုင်းမြစ်ဝှမ်းဒေသအနီးသို့ တော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်နေသည်ဟုဆိုကာ ပြီးခဲ့သည့် စက်တင်ဘာလ (၃၀) ရက်နေ့ညပိုင်းမှစတင်ကာ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ရာ မင်းရွာကျေးရွာအတွင်း လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် ယင်းဂျိူင်းဝှမ်းဒေသအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့မှချထားသည့် ကင်းပုန်းများ၊ တပ်စခန်းများရှိရာနေရာများသို့လည်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများလုပ်ဆောင်နေကြောင်းလည်း ဒေသခံများက ဆိုကြသည်။
အလားတူ ပြီးခဲ့သည့်ဧပြီလအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကျွန်းကုန်းရွာ၌ လူနေအိမ် ၁၆ လုံး မီးလောင်ကျွမ်းပြာကျခဲ့သည်။
Photo-လက်နက်ကြီး ထိခိုက်ဒဏ်ရာရရှိသူများ