ကျိုက်ထိုမြို့နယ်အတွင်း ယမန်နေ့ အောက်တိုဘာလ (၄) ရက်နေ့ မွန်းလွဲပိုင်းအချိန်က အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ ကုန်သည်လမ်းနေ အသက် (၅၄) နှစ်အရွယ် ဦးဆန်းဦး ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း၊ ၎င်းမှာ အောက်တိုဘာလ (၄) ရက်နေ့၊ မွန်းလွဲ (၁) နာရီအချိန်ခန့်က မလော့ချောင်ကျေးရွာ၊ အောက်သောင်လယ်တဲမှ မြောက်ပိုင်းရပ်ကွက်ရှိ နေအိမ်သို့ပြန်လာစဉ် အမည်မသိ သေနတ်သမားမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ကိုဆန်းဦးက ကျိုက္ကသာ – ဘိုရားကြီး – ကော့ထင်းလမ်းအတိုင်း ဆိုင်ကယ်မောင်းပြီး ပြန်လာတဲ့အချိန်မှာ သေနတ်နဲ့ (၈) ချက်လောက် ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။ သူက ဟိုးအရင်ကတည်းက လယ်လုပ်နေတဲ့ လယ်သမားတစ်ဦးပါ။ သူ့ အေးအေးဆေးဆေးနေတတ်သူတစ်ဦးလို့လည်း သိရပါတယ်” ဟု၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် ဦးဆန်းဦးတွင် ညာပါးဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်ရင်အုံဖောက်ဝင်ဏ်ရာ (၂) ချက်၊ ဘယ်ဘက်ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ (၂) ချက်၊ ဘယ်ဘက်ဂျိုင်းအောက်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ညာဘက်ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ညာဘက်ပုခုံးဖောက်ဝင်ဒဏ်ရာ (၁) ချက်ရရှိပြီး အခင်းဖြစ်ပွားရာနေရာ၌ပင်သေဆုံးခဲ့ရကြောင်း သိရသည်။
ဦးဆန်းဦး အား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသည်ကိုမသိရသေးကြောင်း ဒေသခံများက ဆိုကြသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့ကလည်း ပေါင်မြို့နယ် တံခွန်တိုင်ကျေးရွာမှ အသက် (၂၃) နှစ်အရွယ် မောင်ဖြိုး ဆိုသူသည် ပေါက်တောကျေးရွာရှိ ရေမြောင်းအတွင်း နှိပ်စက်ခံဒဏ်ရာများနှင့်အတူ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သော်လည်း လက်သည်မပေါ်သေးပေ။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မွန်ပြည်နယ်၌ လက်သည်မပေါ်သည့် လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် အမျိုးသား (၈) ဦးနှင့် အမျိုးသမီး (၁) ဦးသေဆုံးခဲ့ရကြောင်း ကောင်းဝါမှ ကောက်ယူထားသည့်စာရင်းများအရ သိရသည်။